မန်ချက်စတာစီးတီးကွင်းလယ်လူဟောင်း ဒေးဗစ် ဆေးလ်ဗားကို ရီးယဲလ်ဆိုစီဒက်အသင်း ခေါ်ယူ

မန်ချက်စတာစီးတီးကွင်းလယ်လူဟောင်း ဒေးဗစ် ဆေးလ်ဗားကို ရီးယဲလ်ဆိုစီဒက်အသင်း ခေါ်ယူ
Photo: EPA

မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားဟောင်း ဒေးဗစ် ဆေးလ်ဗားဟာ လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်အသင်းဆီ နှစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။ 

စီးတီးမှာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ စပိန်ကစားသမားဟာ လိုင်ယွန်ကို အရေးနိမ့်ခဲ့တဲ့ စနေနေ့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ 

၂၀၁၀ ခုနှစ်က ဗလင်စီယာအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၄ နှစ်ကွင်းလယ်ကစားသမားဟာ ပွဲပေါင်း ၄၃၆ ပွဲကစားခဲ့ပြီး ဆုဖလား ၁၄ လုံးအထိ ရယူပေးနိုင်တဲ့အထိ စီးတီးကို ကူညီပေးခဲ့ပါတယ်။ 

အီတလီကလပ် လာဇီယိုအသင်းက စပိန်လက်ရွေးစင်ကစားသမားဟောင်း ဆေးလ်ဗားကို သုံးနှစ်စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် သူဟာ ဆိုစီဒက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဆိုစီဒက်ဟာ လာလီဂါမှာ အဆင့် ၆ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ မာတင် အော်ဒီဂတ်ဟာ ရီးယဲလ်မက်ဒရစ်ဆီ ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် ကွင်းလယ်ဖန်တီးရှင်ကစားသမားတစ်ဦးကို ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။  

ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀၉ ပွဲကစား၊ ဂိုး ၆၀ သွင်းယူခဲ့ပြီး ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ စီးတီးရဲ့ အမှတ်ပေးချန်ပီယံဖလား ၄ ကြိမ်ဆွတ်ခူးရာမှာ အဓိကကျတဲ့ နေရာမှာ ပါဝင်ကစားခဲ့ပါတယ်။ 

သူဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ ၅၇ ကြိမ်ကစားခဲ့ပြီး အက်ဖ်အေဖလား နှစ်လုံး၊ လိဂ်ဖလား ငါးလုံးနဲ့ ကွန်မြူနစ်ဒိုင်း ၃ ခုရရှိခဲ့ပါတယ်။ 

ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ပွဲ ၇၀ ကစားထားခဲ့ပြီး စီးတီးအတွက် ဥရောပပြိုင်ပွဲ ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။ 

သူဟာ ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၀၈ နဲ့ ၂၀၁၂ မှာ ယူရိုဖလားနှစ်ကြိမ် ဆွတ်ခူးရာမှာ စပိန်အသင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ 

၂၀၂၀-၂၁ လာလီဂါရာသီဟာ စက်တင်ဘာ ၁၂ ရက်မှာ စတင်မှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly