အလုပ်သမား ၈၅ဝ မဲပေးဖို့ စာရင်းတင်ထားမှု သတင်းအမှားဖြစ်ကြောင်း Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီမှ ရှင်းလင်း

အလုပ်သမား ၈၅ဝ မဲပေးဖို့ စာရင်းတင်ထားမှု သတင်းအမှားဖြစ်ကြောင်း Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီမှ ရှင်းလင်း
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

Modern Key Technique (MKT) ဆောက်လုပ်ရေးကုမ္ပဏီက အလုပ်သမား ၈၅၀ မဲပေးဖို့ စာရင်းတင်ထား တယ်ဆိုပြီး Myanmar Hard Talk ကနေ ဩဂုတ် ၁၆ရက်နေ့က ရေးသားဖြန့်ဝေခဲ့ပါတယ်။

Myanmar Hard Talk ရဲ့ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်လို့ သတင်းအမှားသာဖြစ်တယ်လို့  Modern Key Technique (MKT) ဆောက် လုပ်ရေးကုမ္ပဏီက သြဂုတ်လ ၁၇ရက်နေ့၊နံနက် ၁၁ နာရီက ကုမ္ပဏီရုံးခန်းမှာ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပါတယ်။

Myanmar Hard Talk ရဲ့ ရေးသားမှုမှာတော့ အလုပ်သမား ၈၅၀ ဟာ မဲပေးဖို့စာရင်း တင်တဲ့နေရာမှာ ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားတဲ့အတွက် ဆောက်လုပ်ရေး လုပ်သားတွေရဲ့ မဲစာရင်းပြဿနာဟာ နိုင်ငံရေးပါတီတွေအတွက် အန္တရာယ်ကြီးမားလာ တယ်ဆိုပြီး ရေးသားထားပါတယ်။  

ဒါ့အပြင် အဲ့ဒီအထဲမှာ အချက် ကိုးချက်ပါဝင်ပြီး အဓိကအနေနဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း အလုပ်သမားတွေကို မဲစာရင်း အတွင်းသွင်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ပုဇွန်တောင်မြို့နယ်)ကို လာရောက်တင်သွင်းခဲ့ကြောင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ဒါရိုက်တာ လမင်းအိန္ဒြေနဲ့ ဒါရိုက်တာ ဒေါ်တင်တင်ကြည်တို့ဟာ ပုဇွန်တောင်ကဝင်ပြိုင်မှာဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမြင့်လွင်၊ ဦးကျော်ဇင်ဝင်း ၊ ဦးခင်မောင်ဝင်း ၊ ဦးတင့်လွင် တို့နဲ့ အပေး အယူလုပ်ကာ ပုံစံ ၃နဲ့ တင်သွင်းလာတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Modern Key Technique ဆောက်လုပ်ရေးက ပုဇွန်တောင် မြို့နယ်မှာဆောက်ခဲ့တဲ့ ပြည်တော်သစ် အိမ်ရာစီမံကိန်းဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အတွင်းကတည်းက ဆောက် လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလမှာ ဆောက်လုပ်ရေးလုပ်ငန်းပြီးစီး သွားကြောင်းနဲ့ အလုပ်သမားတွေလည်း နေရပ်ပြန်သွားပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

NLD ပါတီကို မဲထည့်နိုင်ဖို့အတွက် နေရပ်ပြန်သွားတဲ့ အလုပ်သမားတွေကို ပုဇွန်တောင်မှာဘဲ မဲပေးနိုင်ဖို့အတွက် ပုံစံ(၃) ဖြည့်စွက်လျှောက်ထားတာတွေဟာ မရိုးမသားနဲ့ အကြောင်း အမျိုးမျိုးပြပြီး လုပ်ဆောင်လာကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ဒီသတင်းအမှားကို Myanmar Hard Talk ပေ့ချ်ကနေ ဖြန့်ဝေခဲ့ရာမှာတော့  ၁၆ နာရီအတွင်းမှာ Like တစ်ထာင်ကျော်၊ မှတ်ချက်ရေးသူ တစ်ရာကျော်နဲ့ ပြန်လည်မျှဝေသူ လေးရာနီးပါးရှိခဲ့ပါတယ်။  

သတင်းအမှားဖြစ်ကြောင်းကို Modern Key Technique (MKT) ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရှင်းလင်းနေစဉ်

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

သတင်း - အုပ်မှူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly