ပြည်သူတွေ တာဝန်ကျေခဲ့ပြီ

ပြည်သူတွေ တာဝန်ကျေခဲ့ပြီ

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ထင်မှတ်ထားသည်ထက် ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့သည်။ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ် များကိုလည်း နေ့စဉ် ရက်ဆက် ဆက်တိုက် ကြေညာလျှက်ရှိသည်။ မြေပြင်အခြေအနေများနှင့် ရလဒ်များသည် အငြင်းပွားဖွယ် အနည်းငယ်ရှိသည်မှအပ များစွာတိုက်ဆိုင်နေသည်။

ယခုအတိုင်းဆိုလျှင် သမိုင်းဝင်ရွေးကောက်ပွဲဟု တင်စားခြင်းခံရသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မြန်မာ့သမိုင်းတွင် နာမည်ကောင်းဖြင့် ကျန်ခဲ့ဖွယ်ရှိသည်။ စောစောပိုင်းကာလများတွင်မူ မဲစာရင်းများ မှားယွင်း ချွတ်ချော်သည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်ဖို့ကြသည်။ ကော်မရှင်ကလည်း လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ဖြစ်ရသည်ဟု အကြောင်းပြ သည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး၊ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ခံ ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူး သည်။ ထို့အပြင် လက်ရှိ သမ္မတဦးသိန်းစိန်၏ သူငယ်ချင်းလည်းဖြစ်ရာ ရွေးကောက်ပွဲ၏ မျှတနိုင်ချေနှင့် ပတ်သက်၍ များစွာ မေးခွန်းထုတ်ခံခဲ့ရသည်။

ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ အတွင်းတွင်လည်း အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အတွက် တရားမျှတမှု မရှိဟု ခံစားရသည့် တိုင်ကြားမှုပေါင်း ရာချီရှိခဲ့ရာ ဒိုင်လူကြီးဖြစ်သော ကော်မရှင်သည် ဘက်လိုက်နေပြီလားဟု မေးခွန်းဆင့်ခံခဲ့ရပြန်သည်။

ယခုအခါ ရွေးကောက်ပွဲသည် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပြီး၊ နိုင်ငံရေးပါတီများနှင့် မီဒီယာများ၏ စောစီးစွာ ထုတ်ပြန်မှုများအရ အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပြီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို တစ်ကြိမ်နိုင်ပြီးဖြစ်ရာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် နှစ်ထပ်ကွမ်းတောင်ပြိုကမ်းပြိုနိုင်ခြင်းဖြစ်သည်။

အင်န်အယ်လ်ဒီအနိုင်ရခြင်းကို ဆန်းစစ်သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ထက်သန်သော လုံ့လနှင့် အရည်အချင်းသည် အဓိကနေရာတွင် ရှိသည်။မြန်မာ့ဓလေ့နှင့် ယဉ်ကျေးမှုတို့ဖြင့် ကြည့်မည်ဆိုလျှင် အသက် ၇၀ ကျော်အရွယ် အဘွားအိုသည် မြန်မာပြည်တစ်လွှားအပြေးသွားကာ အံ့မခန်းမဲဆွယ်စည်းရုံးမှုများ ကိုအောင်မြင်စွာဖြင့် ပြုလုပ်ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် ပါတီဝင်များနှင့် ပါတီကိုထောက်ခံသူများသည် မဲစာရင်းများကို စစ်ပေးခြင်း၊ စစ်ဆေးကြရန် မဲဆန္ဒရှင်ပြည်သူများကို တိုက်တွန်းခြင်းမှ သည်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် နဖူးမှချွေးခြေကျသည့်အထိ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ သူတို့သည် အသီးအပွင့်ကို ခံစားကြရပြီဖြစ်သည်။

အင်န်အယ်လ်ဒီအောင်နိုင်ရေးတွင် တတပ်တအားပါဝင် အားဖြည့်သူများမှာ ပြည်သူချစ်သော နိုင်ငံကျော် အနုပညာရှင်များဖြစ်သည်။ သူတို့ထဲမှ အများစုသည် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသဖြင့် အင်န်အယ်လ်ဒီဘက် ခြေစုံရပ်ခဲ့ကြသည်။ သူတို့ကိုအားပေးသူ အနုပညာရှင်များပင် အင်န်အယ်လ်ဒီဘက် ရပ်ချိန်တွင် ပြည်သူများမှာလည်း အနည်းနှင့်အများဆိုသလို ပါသွားကြတော့သည်။

နောက်ဆုံးနှင့် အရေးအပါဆုံးမှာ ပြည်သူများကိုယ်တိုင်ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရအဆက်ဆက်အောက်တွင် ပိပြား ငြိမ်ဝပ်ကာ အကြောက်တရားနှင့် ရှင်သန်ခဲ့ကြရသော မဲဆန္ဒရှင်ပြည်သူ များသည်၎င်းတို့၏ လိုလားချက်နှင့် ဆန္ဒအမှန်ကို နိုဝင်ဘာ ၈ ကသပ်သပ်ရပ်ရပ်နှင့် စနစ်တကျ ထုတ်ဖော်ပြသလိုက်သည်။ မဲဆန္ဒရှင်ပြည်သူများသည် အလွန်တာဝန်ကျေသော နိုင်ငံ့သားကောင်းများဖြစ် သည်။ မဲပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအရွေ့ကို သူတို့ဝိုင်းတွန်းခဲ့ကြသည်။

ပြည်သူများ တာဝန်ကျေပြီးလျှင် ရွေးကောက်ပွဲလွန်ကာလ၌ အနိုင်ရပါတီဖြစ်လာမည့် လက်ရှိ အဓိက အတိုက်အခံပါတီကြီးဖြစ်သော အင်န်အယ်လ်ဒီ၏တာဝန်သာ ကျန်တော့သည်။

အင်န်အယ်လ်ဒီ၏ ပြည်သူ့ကိုယ်စားလှယ်များသည် မြန်မာပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေသော တည်ငြိမ်သော၊ ငြိမ်းချမ်းသော၊ စည်းလုံးသော၊ ဖွံ့ဖြိုးသော ၊ခေတ်မီသောမြန်မာနိုင်ငံ ကိုမနှေးအမြန် ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် ဆောင်ကျဉ်းကြရန် မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly