ကပ်ဘေး ဖိစီးမှုကြောင့် မလေးရှား ဂျီဒီပီ စံချိန်တင် ထိုးဆင်း

ကပ်ဘေး ဖိစီးမှုကြောင့် မလေးရှား ဂျီဒီပီ စံချိန်တင် ထိုးဆင်း

ဩဂုတ် ၁၅

မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း ၁၇ ဒသမ ၁ ရာခိုင်နှုန်း ကျုံ့သွားခဲ့ကြောင်း ဗဟိုဘဏ်က သောကြာနေ့တွင် ထုတ်ပြန်သည်။

သုံးလကြာမှ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်း၏ ပြင်းထန်ဆိုးဝါးသော ရိုက်ခတ်မှုကြောင့် ယခုကဲ့သို့ စံချိန်တင် စီးပွားရေး ကျုံ့သွားခဲ့ရခြင်းပင် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကြား မလေးရှားနိုင်ငံသည် ၂၀၀၉ ခုနှစ် တတိယသုံးလပတ်နောက်ပိုင်း ပထမဆုံး သုံးလပတ်တာ ကျဆင်းမှုဖြစ်ပြီး စံချိန်တင် ဆိုးဝါးလွန်းသည့် စီးပွားရေးကို ကြုံရသည်။

ယင်းသည် ၂၀၁၉ ဒုတိယ သုံးလပတ်က ၄ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်နှင့် ဆန့်ကျင်ခြားနားစွာပင် ဖြစ်ပြီး ၂၀၂၀ ပထမသုံးလပတ်က ဂျီဒီပီဖွံ့ဖြိုးနှုန်း ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ စီးပွားရေး ကျုံ့သထက် ကျုံ့လာခဲ့ခြင်းဖြစ်သည်။

ယခု နောက်ဆုံးရလဒ်သည် ရိုက်တာမဲစစ်တမ်းက စီးပွားရေး ပညာရှင် ၁၁ ဦး ခန့်မှန်းသည်ထက် ၁၀ ရာခိုင်နှုန်း ကျုံ့မည်ဆိုခြင်းထက် များစွာ ဆိုးဝါးလွန်းနေသည်။  

ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများသည် လော့ဒေါင်းကြောင့် အထိနာသော ကနဦး လုပ်ငန်းနယ်ပယ်များတွင် အပါအဝင် ဖြစ်ကြောင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး နော်ရှိမ်းဆတ်ယူနက်စ်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် လှုပ်ရှားသွားလာမှုများ ထိန်းချုပ်သည့် အမိန့်များကြောင့် စီးပွားရေးသည် ဧပြီလအတွင်း အလွန်ကြီးမားစွာ ရိုက်ခတ်ခံရပြီး မေနှင့် ဇွန်တို့၌ ဦးမော့မှုအချို့ကို မြင်တွေ့ခဲ့ရသည်ဟု အမျိုးသမီးတစ်ဦးဖြစ်သည့် ယူနက်စ်က ဆိုသည်။

“မလေးရှားနိုင်ငံဟာ အခြား ဒေသတွင်း  နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးဝါးဝါး ရိုက်ခတ်ခံနေရတယ်။ ထိန်းချုပ်ကန့်သတ်ရေး လုပ်ငန်းစဉ်တွေကြောင့် အထိနာ ရတာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

စင်ကာပူ၏ စီးပွားရေးမှာ ဒုတိယသုံးလပတ်၌ ၁၃ ဒသမ ၂ ရာခိုင်နှုန်း စီးပွားရေး ကျုံ့ပြီး ဖိလစ်ပိုင်သည် ၁၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကာ အင်ဒိုနီးရှားက ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly