TikTok ဝန်ဆောင်မှုများ၏ လုပ်ပိုင်ခွင့်များကို ရက် ၉၀ အတွင်း ပယ်ဖျက်မည်ဟု ByteDance ကုမ္ပဏီကို ထရမ့် အမိန့်ထုတ်

TikTok ဝန်ဆောင်မှုများ၏ လုပ်ပိုင်ခွင့်များကို ရက် ၉၀ အတွင်း ပယ်ဖျက်မည်ဟု ByteDance ကုမ္ပဏီကို ထရမ့် အမိန့်ထုတ်

ဩဂုတ် ၁၅

ဗီဒီယို ဝေမျှသည့် TikTok အက်ပရီကေးရှင်း၏ အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှုများမှ လုပ်ပိုင်ခွင့်များကို ရက် ၉၀ အတွင်း ပယ်ဖျက်မည်ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သည့် တရုတ်ကုမ္ပဏီ ByteDance အား သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် အမိန့်ထုတ်လိုက်သည်။    

“ယုံကြည်စိတ်ချရတဲ့ သက်သေ ရှိထားတယ်။ ဒါကတော့ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် ခြိမ်းခြောက်မှုတွေကို ByteDance က လုပ်ဆောင်နေနိုင်တယ်ဆိုပြီး ကျွန်တော် ယုံကြည်ရတယ်။”ဟု အမိန့်ညွှန်ကြားချက်အတွင်း ထရမ့်က ပြောသည်။

ယခု ထရမ့်၏ လုပ်ဆောင်ချက်သည် TikTok အား အမေရိကန်နိုင်ငံအတွင်း ပိတ်သိမ်းရန် ByteDance ကုမ္ပဏီအတွက် နောက်ထပ် ဖိအားပဲ ဖြစ်ပြီး တရုတ်ပိုင် လူမှုမီဒီယာ အက်ပရီကေးရှင်းအပေါ် ထရမ့်အစိုးရ၏ ဖြိုခွင်းနေမှုအတွက် တရားရေးဘောင်အတွင်းမှာ ဆောင်ရွက်ချက်လည်း ဖြစ်သည်။  

ByteDance ကမူ ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို ချက်ချင်း မတုံ့ပြန်သေးပေ။    အချက်အလက်များ စုဆောင်းရယူနေပြီး အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာအဖြစ် TikTok သည် အမေရိကန်လွှတ်တော်အမတ် များ၏ ဝေဖန်ပြောဆိုမှုများနှင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။ ၄၅ ရက်အတွင်း ByteDance နှင့် Tencent Holdings Ltd ပိုင် WeChat တို့နှင့် အမေရိကန် လုပ်ငန်းကိစ္စများ လုပ်ကိုင်ခြင်းကို တားမြစ်သည့် အထူးအမိန့် အား ပြီးခဲ့သည့် သီတင်းပတ်၌ ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ထိုအတွက် ကမ္ဘာလုံးဆိုင်ရာ နည်းပညာနယ်ပယ်နှင့် ပတ်သက်ကာ တရုတ်နှင့် ထိပ်တိုက်တွေ့မှုများ အရှိန်မြင့်လာရသည်။    အမေရိကန်အစိုးရအတွက် ကြီးကြီးမားမား ဝေစု ပေးနိုင်မည်ဆိုပါက မိုက်ခရိုဆော့ဖ်၏ TikTok အား ဝယ်ယူရန် လုပ်ဆောင်နေခြင်းကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ထရမ့်က ပြောထားသည်။

သို့သော် အခြားသော စိတ်ဝင်စားသည့် ဖြစ်နိုင်ခြေရှိသော ဝယ်ယူမည့် ကုမ္ပဏီများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ သို့ပင်သော်ငြား နိုင်ငံရေးရှုံးနိမ့်မှု ဖြစ်စေနိုင်သည်ဟု ရီပတ်ဘရီကန် အချို့၏ စိုးရိမ်မှုများ ရှိနေသည့်ကြားကပင် ထရမ့်သည် လူကြိုက်များသော TikTok အက်ပရီကေးရှင်းအား စက်တင်ဘာ ၁၅ ရက်တွင် ပိတ်ပင်သွားမည်ဟု ပြောထားခဲ့သည်။  

ထရမ့် အစိုးရအနေဖြင့် အမေရိကန် ဒီဂျစ်တယ်ကွန်ဂရက်အတွင်း မယုံကြည်ရဟု ယူဆရသည့် တရုတ် အက်ပရီကေးရှင်းများကို ထုတ်ပယ်သန့်စင်ရေး ၎င်းတို့၏ ကြိုးပမ်းမှုများကို ရှေ့တိုးဆောင်ရွက်လျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly