မဟာမိတ်ဟောင်း၏ မဲဆန္ဒနယ်ယှဉ်ပြိုင်စိန်ခေါ်မှုကိုရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်

မဟာမိတ်ဟောင်း၏ မဲဆန္ဒနယ်ယှဉ်ပြိုင်စိန်ခေါ်မှုကိုရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်

ဩဂုတ် ၁၃  

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌  မဲဆန္ဒနယ်ပေါင်း ၈၀ % ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ 

သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကူးပြောင်းခဲ့စဉ်က ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်ဖြစ်ခဲ့သည်။ တပ်ဘက်တွင်လည်း အဆင့်- ၃ ရာထူးရှိသည့် ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးမှ မဖယ်ရှားခံရခင်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် ကိုယ်စားလှယ်လောင်းဝင်ပြိုင်ရာ မအောင်မြင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။  

စနေနေ့ကပြုလုပ်ခဲ့သည် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်  UBP ပါတီအနေဖြင့် မြို့နယ်ပေါင်း ၂၆၁ မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။ အမျိုးသားလွှတ်တော်အတွက် ၁၃၉ ဦးနှင့် ပြည်သူ့လွှတ်တော်အတွက် ၂၆၀ ဦး စသည့်နေရာများအတွက် စုစုပေါင်း မဲဆန္ဒနယ်၏ ၈၀ % ခန့်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  

သူရဦးရွှေမန်းအနေဖြင့် ၎င်းကိုယ်တိုင်ဝင်ရောက်မယှဉ်ပြိုင်သော်လည်း  ပါတီကိုယ်စားလှယ်လောင်းထက်ဝက်ခန့် အနိုင်ရမည်ဟု မျှော်လင့်ထားသည်။ “ကျွန်တော်ဝင်ပြိုင်ချင်တဲ့ မဲဆန္ဒနယ်တွေမှာ UBP ပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရဖို့ အလားအလာရှိတာကြောင့် ကျွန်တော် ဝင်မပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ တစ်ဦးတစ်ယောက်ထက် အများအောင်မြင်မှုက ပိုအရေးကြီးပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။  

သူရဦးရွှေမန်းသည် ပြီးခဲ့သည့်နှစ်က ပါတီမှတ်ပုံတင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ပါတီရုံးခွဲပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ထားသည်။  

သူရဦးရွှေမန်းသည် အတွေ့အကြုံရှိသော နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင် ဝင်မပြိုင်သော်လည်း နောက်ကွယ်မှ အစစအရာရာ ထိန်းချုပ်သွားမည့်ပုံပေါ်ကြောင်း၊ NLD ကိုစိန်ခေါ်နိုင်သော ပါတီသစ်များအနက် နိုင်ငံရေးအတွေ့အကြုံအများဆုံးရှိသူဖြစ်ကြောင်းနှင့် UBP ပါတီက ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးပြိုင်ဘက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူ ဦးခင်ဇော်ဝင်းက Nikkei Asian Review ကို ပြောသည်။  

သူရဦးရွှေမန်း၏ပါတီသည် တခြားပါတီများထက် တိုင်းရင်းသားပါတီများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌဖြစ်စဉ်က တိုင်းရင်းသားကိုယ်စားလှယ်များနှင့်လည်း အကျွမ်းတဝင်ရှိခဲ့ကြောင်းနှင့် NLD နှင့် မဟာမိတ်အစိုးရဖွဲ့ရေးသည် ၎င်း၏ မဟာဗျူဟာများအနက် တစ်ခုဖြစ်နိုင်ကြောင်း ဦးခင်ဇော်ဝင်းက က သုံးသပ်ပြသည်။  

လက်ရှိအစိုးရသည် လူနည်းစုတိုင်းရင်းသားများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်မစွမ်းဆောင်နိုင်ချိန်မှာ သူရဦးရွှေမန်းသည် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ဖယ်ဒရယ်စနစ်အတွက် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို သတိမူမိသူဖြစ်သည်ဟု ဆိုသည်။ တိုင်းရင်းသားပြည်နယ်များမှ မဟာမိတ်များသည် UBP ပါတီအတွက် မဲဆန္ဒနယ် မျှဝေနိုင်ဖွယ်ရှိကြောင်းနှင့် UBP သည် အနည်းဆုံးလုပ်ခလစာမြှင့်တင်ခြင်းဖြင့် အလုပ်သမားလူတန်းစားနှင့် ပြည်သူ့ဝန်ထမ်းအရေး အလေးပေးလုပ်ဆောင်သွားမည့်ပါတီဖြစ်သည်ဟု ဆိုသည်။   

"ပါတီအတွက်ဆိုတာထက် တိုင်းပြည်အကျိုးအတွက် ပိုပြီးလုပ်ဆောင်ချင်ပါတယ်" ဟု သူရဦးရွှေမန်းက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required