ရွေးကောက်ပွဲတွင် အတိုက်အခံအနိုင်ရခြင်းနှင့် ဂျပန်စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုကို ပညာရှင်များ သတိပေး

ရွေးကောက်ပွဲတွင် အတိုက်အခံအနိုင်ရခြင်းနှင့် ဂျပန်စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုကို ပညာရှင်များ သတိပေး

၂၅ နှစ်အတွင်း ပထမဆုံးလွတ်လပ်သည့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီအနိုင်ရခြေရှိရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် ဂျပန်ကုမ္ပဏီများအတွက် ဂယက်ရိုက်ခတ်မှုများ ဖြစ်လာနိုင်သည်ဟု ဂျပန်ပညာရှင်များက သတိပေးသည်။

"ဂျပန်ကုမ္ပဏီတွေအနေနဲ့က NLD အနေနဲ့ နိုင်ငံကို ပဲ့ကိုင်သွားဖို့ အသိပညာအရည်အချင်းနဲ့ လူသားရင်းမြစ်ပြည့်စုံရဲ့လားဆိုတာ စိုးရိမ်စရာပါ။ စစ်တပ်အကူအညီမပါဘဲ နိုင်ငံကို တည်ဆောက်သွားနိုင်ပါမလားလည်း စဉ်းစားစရာပါပဲ။"ဟု ရန်ကုန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် မြန်မာစီးပွားရေးသုတေသနနှင့် အကြံပေးကုမ္ပဏီမှ ဥက္ကဌဖြစ်သူ မာဆာဟီကိုအီဘာရှီက ပြောသည်။

Japan External Trade Organization အရာရှိဟောင်းတစ်ဦးဖြစ်ကာ Meiji Gakuin တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သည့် အီဘာရှီက ဂျပန်တွင် ဒီမိုကရက်တစ်ပါတီ DPJ က အာဏာကို ရေရှည်ဆုပ်ကိုင်လာခဲ့သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP အား ၂၀၀၉ ခုနှစ်အတွင်းက အနိုင်ရခဲ့သည်နှင့် နှိုင်းယှဉ်သုံးသပ်ပြခဲ့သည်။

"ဂျပန်ရဲ့ ဗျူရိုကရေစီက ခိုင်မာအားကောင်းနေပါတယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်နေပေမယ့် DPJ ပါတီအနိုင်ရပြီးနောက်ပိုင်းမှာ ရှုပ်ထွေးမရေရာမှုတွေ ဆက်လက်  ဖြစ်ပွားနေရ ဆဲဖြစ်ပါတယ်။"ဟု ရေရှည်အာဏာပိုင်ခဲ့ရာမှ အလွဲအပြောင်း အုပ်ချုပ်မှုသစ်ကို ရခဲ့သည့် နိုင်ငံတို့ ကြုံတွေ့ရမှုများကို အီဘာရှီက ပြောပြီး "ဒီလိုဖြစ်တဲ့အတွက် ဂျပန်ကုမ္ပဏီတွေအနေနဲ့ အပြောင်းအလဲနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိုးရိမ်မှုတွေ ရှိနေတာပါပဲ။"ဟု ဖြည့်စွက်ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ဖွဲ့စည်းပုံကိစ္စမျိုးတွင် ထိပ်တိုက်တွေ့ခြင်းက နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း အီဘာရှီက ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် နီးကပ်သည့် မဟာမိတ်ဖြစ်သော ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဌေးဦးက "ကျွန်တော်တို့ ရှုံးပါတယ်။"ဟု ဟင်္သာတတွင် နိုဝင်ဘာ ၉ ရက်က ရိုက်တာသတင်းဌာနသို့ အင်တာဗျူးရာ ပြောကြားထားခဲ့သည်။

မြန်မာအရေးသုတေသီ Osaka Sangyo မှ ပါမောက္ခဟောင်းဖြစ်သည့် မီနိုရုကာယုကမူ ပို၍ အကောင်းမြင်သုံးသပ်သည်။

NLD က လွှတ်တော်တွင် အများစုနိုင်ကာ အစိုးရဖြစ်လာပါက နိုင်ငံရေးအခြေအနေ တည်ငြိမ်လာဖွယ်ရှိရာ ယင်းကပင် ရန်ကုန်တွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများအတွက် သတင်းကောင်းဖြစ်ကြောင်း ကာယုက ပြောခဲ့သည်။

"NLD နဲ့ ပြည်ခိုင်ဖြိုးတို့ ယှဉ်ပြိုင်မှုက ပြဿနာတစ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ် အကျယ်ချဲ့စရာမလိုဘူးထင်ပါတယ်။ အစိုးရအပြောင်းအလဲပေမယ့် အစပိုင်းမှာ ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်နိုင်သေးဦးမယ် မဟုတ်ဘူး။ နောက်ပြီး မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် NLD ပါတီ အာဏာရရင် ပေါ်လစီပိုင်း ပြောင်းလဲမှာဖြစ်တယ်။ ဝန်ကြီးအပြောင်းအလဲတွေ ဖြစ်လာမယ်။ ဒီအပြောင်းအလဲကပဲ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်း လုပ်လို့ကိုင်လို့ အဆင်ပြေမယ် လမ်းတွေ ဖြစ်လာပါမယ်။ ဂျပန်ကုမ္ပဏီတွေအနေနဲ့ အပြောင်းအလဲကို မျက်ခြည်မပြတ်စောင့်ကြည့်နေရမှာပဲ ဖြစ်တယ်။"ဟု ၎င်းက ပြောခဲ့သည်။

ပြည်ခိုင်ဖြိုးက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားလာနိုင်လားဟု မေးရာတွင် မဖြစ်နိုင်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက ဖိအားများရှိနေ၍ အထူးသဖြင့် NLD ပါတီ အပြတ်အသတ်နိုင်ပါက ဖြစ်နိုင်စရာအကြောင်းမရှိကြောင်း ကာယုက ပြောခဲ့သည်။

ဇူလိုင်လကုန်တွင် မြန်မာနိုင်ငံတွင်း လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်လျက်ရှိသည့် ဂျပန်ကုမ္ပဏီပေါင်း ၂၅၀ နီးပါးရှိပြီး အမေရိကန်ဒေါ်လာ ၄၁၅ သန်း ရင်းနှီးမြုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly