ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၁

ထောင်ထဲက ရေးတဲ့စာ( အပိုင်း - ၅ )

ဒီနေ့ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၂ နှစ်မြောက်နေ့ဖြစ်တာကြောင့် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်တွေမှာ မေ့ဖျောက်လို့မရနိုင်တဲ့ သမိုင်းစာမျက်နှာတွေကို အထူးသဖြင့် အဲဒီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့သူတွေရော အရေးတော်ပုံကို သိမှီကြတဲ့သူတွေရော ရေးကြတာဖြင့် စာရေးသူလည်း အဲဒီအရေးတော်ပုံကြီးဆီ ခဏတာ ထပ်မံစီးမျောမိလိုက်ပါတယ်။  

စာရေးသူအပါအဝင် မြန်မာနိုင်ငံက လူတစ်ချို့ဟာ သူတို့ရဲ့ လူငယ်ဘဝတွေကို ပေးဆပ်ကြရင်း မပြီးသေးတဲ့ တိုက်ပွဲတွေကို ဆက်တိုက်ရင်း အကျဉ်းကျခံရ၊ တောထဲရောက်ကြ၊ အသက်တွေသေကြနဲ့ ထောင်မကျ ၊ တောထဲမရောက်တဲ့ ပြည်သူလူထုကြီးကလည်း မြန်မာနိုင်ငံကြီးကို ထောင်ကြီးသဖွယ် ဘာမလုပ်ရ၊ ဘာမပြောရ၊ ဘာနားမထောင်ရနဲ့ တော်တော် ဒုက္ခရောက်ခဲ့ကြပါတယ်။

ခုလိုအချိန်မှာတော့ ပတ်ဝန်းကျင်နဲ့ တခြားသူတွေ မထိခိုက်ဘူးဆိုရင် လုပ်ချင်တာလုပ်လို့ရတဲ့ခေတ်၊ ပြောချင်တာပြောလို့ရတဲ့ခေတ်၊ နားထောင်ချင်တာ နားထောင်လို့ရတဲ့ခေတ် ဖြစ်သွားပါပြီ။ အကန့်သတ်နဲ့ ဒီမိုကရေစီ ရတယ်ဆိုရင်မှန်မလားပဲ။ ကန့်သတ်ဒီမိုကရေစီဆိုတာ ဒီမိုကရေစီနိုင်ငံရဲ့ လွှတ်တော်ထဲမှာ ပြည်သူရွေးကောက်ခံကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်းပဲရှိသေးတာ၊ ဝန်ကြီးဌာန တချို့ အစိုးရလက်အောက်မှာ ရှိမနေသေးတာတွေ ကိုက ကန့်သတ်ဒီမိုကရေစီလို့ ဆိုလိုတာပဲဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ အပြည့်အဝ မရရှိသေးဘူးဆိုတာပါပဲ။

ကျွန်တော်တို့ဟာ ဒီမိုကရေစီ အစစ်အမှန်ကို လိုအပ်ပါတယ်၊ ဒါကြောင့် ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ အစိုးရကို ၂၀၂၁ မှာ အစိုးရထပ်ဖွဲ့နိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖိုလိုအပ်ပါတယ်။ အဲဒီလိုမျိုး ဖွဲ့နိုင်ပါမှ ကျွန်တော်တို့နဲ့ ကျွန်တော်တို့မျိုးဆက်တွေအတွက် ရတက်အေးရမှာဖြစ်ပါတယ်။  

ဓာတ်ပုံ - သန့်ဇော်(သန်လျင်)

ထောင်ထဲက ရေးတဲ့စာ ကို ပြန်ဆက်ပါဦးမယ်။

လက်ထိတ်ကို လက်နောက်ပြန်ခတ်ထားပါတယ်။ ကိုယ်ကိုလည်း လက်ထိတ်အပြင် ထပ်ပြီးကြိုးနဲ့တုတ် ထားပါတယ်။ နာကျည်းမှု ဝမ်းနည်းမှု၊ ‌ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု၊ မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကြုံးမရဖြစ်မှု စတာတွေဟာ ကျွန်ုပ်၏ရင်ထဲမှာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခုရပါတယ်။ (ကျွန်ုပ်တို့နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂၀ ကျော်နေပါပြီ) အဲဒါက ဒီအမှုကို ကျွန်ုပ်မဖြတ်ရင် ပြီးမှာမဟုတ်ဘူး၊ အားလုံးက အသားအနာမခံနိုင် ကြတော့ဘူး၊ တစ်လေသံတည်း ဖြစ်ကုန်ကြပြီ၊ ကျွန်ုပ်ဆီမှာ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တစ်ခုခုလုပ်မှ ရတော့မယ်ဆိုတာပါပဲ။ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်ုပ်ခွေလဲကျသွား တာကို လူ ၂ယောက်က ချုပ်ပေးပါတယ်၊ ဝိုင်းပြီးထိုးကြိတ်ရိုက်နှက်ကြတော့ ကျွန်ုပ်လည်း ဒေါသထွက် ပြီး “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ဆိုတော့ ကျွန်ုပ်ကို ရိုက်နှက်ထိုးကြိတ်နေတာတွေ ချက်ချင်းရပ်သွားတယ်။ သူတို့မျက်နှာတွေက ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက “မိုးသီဟ” ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄၀ တွင် နေထိုင်သူ ဖြစ်တယ်ဆိုတဲ့အကြောင်း အိမ်နံပတ်ကအစ အတိအကျပြောလိုက်တယ်။ ၎င်းမိုးသီဟ သည် ၁၉၈၉ ခုနှစ် ဧပြီလ(၁) ရက်နေ့က တောခိုသွားတာကအစပေါ့။ တစ်နေ့ ကျွန်ုပ်ဆီရောက်လာပြီး ဗုံးခွဲရန် လာရောက်ပြောဆိုကြောင်း၊ ကျွန်ကလည်း လုပ်ပေးမည်ဟုပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့။ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟလိပ်စာအတိုင်း သွားဖမ်းတာပေါ့။ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှမရှိတာ သူကတောထဲမှာပဲ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းကတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ မိုးသီဟအိမ် သွားဖမ်းတာ ပြန်လာတော့ “မင်းပြောတာတွေ ဟုတ်တယ် ဒါပေမယ့် ဒီကောင် တောခိုသွားပြီးကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့ ။ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကိုပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ပုံတွေ ၊ ကျွန်ုပ်က ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ်ထင်ထားတဲ့အတိုင်းပဲ နောက်နေ့ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားသတင်းတွေမှာ ပါလာတော့ တာပဲ။ တစ်ကမ္ဘာလုံးသိကုန်ပြီပေါ့။ ဒီသတင်းက အမှန်လား၊ အမှားလား။ တကယ်လား၊ လံကြုတ်လား ဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly