ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအတွင်း Nintendo က အကျိုးအမြတ် စံချိန်တင်

ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအတွင်း Nintendo က အကျိုးအမြတ် စံချိန်တင်

ဩဂုတ် ၈

Nintendo ကုမ္ပဏီ၏ ဧပြီမှ ဇွန်လ သုံးလပတ်အတွက် အကျိုးအမြတ်သည် စံချိန်တင် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ၄၂၇ ရာခိုင်နှုန်း တိုးတက်ကာ ယန်းငွေ ၁၄၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) အထိ တိုးမြင့်ခဲ့ကြောင်း ဂျပန် ဂိမ်းကုမ္ပဏီကြီးဖြစ်သည့် Nintendo က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းချခြင်းများနှင့် အခြား လူမှုရေးရာ စည်းမျဉ်းတင်းကျပ်မှုများက လူကြိုက်များသော Swich ဂိမ်းစက်များ ဝယ်လိုအားကို ပိုမို မြင့်မားစေခြင်းကြောင့် ကုမ္ပဏီ အကျိုးအမြတ်က ယခုကဲ့သို့ စံချိန်တင် မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါ ကာလအတွင်း ကုမ္ပဏီ၏ အသားတင်အမြတ်ငွေသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၅၄၁ ရာခိုင်နှုန်း ခုန်တက်ပြီး ယန်းငွေ ၁၀၆ ဘီလီယံ ရှိကာ ဝင်ငွေက နှစ်ဆတိုးပြီး ယန်း ၃၅၈ ဘီလီယံ ရှိခဲ့သည်။

တိုကျိုအခြေစိုက် Nintendo ကုမ္ပဏီအနေဖြင့် Switch ဂိမ်းစက်များ ဝယ်လိုအား အားကောင်းခြင်းအပြင် ဆော့ဖ်ဝဲရောင်းချရမှုများလည်း မြင့်တက်ခဲ့ခခြင်း ဖြစ်သည်။

Nintendo ၏ Switch ဂိမ်းစက်၏ ကြီးမားသော အောင်မြင်မှုသည် ပြိုင်ဖက်များဖြစ်သည့် ဆိုနီနှင့် မိုက်ခရိုဆော့ဖ်တို့အတွက် မက်လုံးများ ပို၍ ဖြစ်စေသည်။ အဆိုပါ ကုမ္ပဏီနှစ်ရပ်က ယခု ဆောင်းရာသီတွင် ၎င်းတို့၏ ဂိမ်းစက်သစ်များကို ထုတ်လုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပထမဆုံး သုံးလပတ်ကာလအတွင်း Switch ဂိမ်းစက်များကို အခုရေ သုံးသန်းအထိ ရောင်းချခဲ့ရရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ Switch Lite စက်များကို အခုရေ ၂ ဒသမ ၆ သန်းအထိ ရောင်းချနိုင်ခဲ့သည်။

ဒီဂျစ်တယ် ဆော့ဖ်ဝဲများ ရောင်းချရမှုသည်လည်း သုံးဆတိုးပြီး ယန်းငွေ ၁၀၁ ဘီလီယံအထိ ရရှိခဲ့သည်။

ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသော အကျိုးအမြတ် ရရှိမှုမှာ Nintendo ကုမ္ပဏီတစ်ခုတည်းသာ မဟုတ်ဘဲ ဆိုနီကုမ္ပဏီသည်လည်း ၎င်း၏ ဂိမ်းလုပ်ငန်းမှ ဧပြီနှင့် ဇွန် သုံးလပတ်အတွင်း ယန်းငွေ ၁၂၄ ဘီလီယံအထိ အကျိုးအမြတ် ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly