လက်ဘနွန်အတွက် နိုင်ငံတကာအကူအညီပေးရေးဆွေးနွေးပွဲ၌ ထရမ့်ပါဝင်မည်

လက်ဘနွန်အတွက် နိုင်ငံတကာအကူအညီပေးရေးဆွေးနွေးပွဲ၌ ထရမ့်ပါဝင်မည်

ဩဂုတ် ၈

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲပြီးနောက် လက်ဘနွန်နိုင်ငံအား အကူအညီပေးနိုင်ရေးအတွက် တနင်္ဂနွေနေ့၌ လက်ဘနွန်သမ္မတနှင့်တခြားကမ္ဘာ့ခေါင်းဆောင်များပါဝင်မည့် ညှိနှိုင်းဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပါဝင်မည်ဟု သိရသည်။  

ထရမ့်သည်ဆွေးနွေးပွဲ၌ ပါဝင်ကြမည့် လက်ဘနွန်သမ္မတ မစ်ချယ်အောင်းန်နှင့် ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်တို့နှင့်လည်း သီးခြား ဆွေးနွေးသွားမည်ဟု ၎င်း၏ တွစ်တာ၌ ရေးသားခဲ့သည်။

“တနင်္ဂနွေနေ့မှာ ပြင်သစ်သမ္မတ မက်ခရွန်၊ လက်ဘနွန်ခေါင်းဆောင်တွေ၊ တခြားကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ အကူအညီပေးရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲလုပ်သွားမှာပါ။ အားလုံးက အကူအညီပေးချင်နေ ကြပါတယ်” ဟု ထရမ့်က တွစ်တာ၌ရေးသားခဲ့သည်။

ထရမ့်က လက်ဘနွန်သို့ ထောက်ပံ့ပစ္စည်းများနှင့်ဝန်ထမ်းများကို ပို့ဆောင်ပေးမည့် အမေရိကန်လေယာဉ်ကြီး သုံးစီး လမ်းခုလတ်တွင်ရောက်နေပြီဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို သိရှိရန် လက်ဘနွန်အာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်းနှင့် လာမည့်ကာလ၌လည်း အကူအညီများ ထပ်မံပေးသွားမည်ဖြစ်ကြောင်း နယူးဂျာစီ ဘတ်မင်စတာရှိ ၎င်း၏ဂေါက်ကွင်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  

ထရမ့်နှင့်မက်ခရွန်တို့သည် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရမှုနှင့်ပတ်သက်၍ ဖုန်းဖြင့် ဝမ်းနည်းစကား ပြောဆိုခဲ့ကြသည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Judd Deere ကပြောသည်။

ဩဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် လူပေါင်း ၁၅၄ ဦးသေဆုံးပြီး ၅ ၀၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာအမေရိကန်အေဂျင်စီက လက်ဘနွန်ပြည်သူ ၅၀ ၀၀၀ အတွက် သုံးလစာ စားနပ်ရိက္ခာများအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ သန်းထက်မနည်း အကူအညီပေးသွားမည်ဟု သောကြာနေ့က ပြောသည်။ ထို့ပြင် လူပေါင်း ၆၀ ၀၀၀ အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်ဆေးဝါးများ သုံးလစာ ပို့ဆောင်ပေးရန် အမေရိကန်စစ်တပ်ကို တောင်းဆိုထားသည်ဟုဆိုသည်။  

ပေါက်ကွဲမှုဖြစ်ရခြင်း၏အကြောင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကနဦးစစ်ဆေးမှုများအရ ဘေရွတ်ဆိပ်ကမ်း သိုလှောင်ရုံရှိ အမိုနီယမ်နိုက်ထရိတ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly