တစ်နိုင်ငံလုံး နိုင်တဲ့ပွဲ

တစ်နိုင်ငံလုံး နိုင်တဲ့ပွဲ

ခေတ်ပြောင်းခေတ်လွဲရွေးကောက်ပွဲဟု တင်စားခြင်းခံရသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ကြိုတင်ခန့်မှန်းထားသည်များနှင့် ကွဲထွက်၍ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြီးဆုံးသွားသည်။ တိုင်းပြည်နှင့်လူထုအတွက် ကောင်းသည့် အပြောင်းအလဲများကို ဆောင်ကျဉ်းလာဖွယ်ရှိသည့် အတိတ်နိမိတ်များသဖွယ် မဲပေးရန် သတ်မှတ်ချိန်ကုန်ခါနီးတွင် မိုးက ရွာလိုက်သေးသည်။

နိုဝင်ဘာ ၈ တွင် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်များသည် ယင်းညကတည်းက စတင်ထွက်ရှိလာသော်လည်း ယင်းရလဒ်များမှာ မခိုင်မာသေးဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်မည့် ရလဒ်များကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအလိုက် ဖြည်းဖြည်းချင်း ကြေညာလျှက်ရှိသည်။

လက်ရှိ မီဒီယာများနှင့် နိုင်ငံရေးပါတီများမှ ထွက်ပေါ်လာသည့် သတင်းများအရ အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် အပြတ်အသတ်နိုင်ခဲ့ပြီဖြစ် သည်။

ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ အတွင်း မြေပြင်အခြေအနေများအရ တစ်နိုင်ငံလုံးရဲရဲတောက်ခဲ့သည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ လေ့လာစောင့်ကြည့်သူများ သည်အဖြူအမည်း သဲကွဲခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်အဆက်ဆက်အောက်တွင် နေခဲ့ကြရသူ မြန်မာပြည်သူများ၏ အပြောင်းအလဲကို လိုလားသော စိတ်ဓာတ်များသည် မည်၍မည် မျှပြင်းထန်နေကြောင်း နိုဝင်ဘာ ၈ သည် မှတ်ကျောက်ပြုခဲ့သည်။

ဤတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုကို ထိန်းလိုက်သည်။ သူသည် အင်မတန်တော်သော ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ နိုဝင်ဘာ ၈ ရွေးကောက်ပွဲများ မကျင်းပမီကတည်းက မဲစာရင်းအမှားအယွင်းများအပြင် မဲဆွယ်စည်းရုံးရေးကာလ၌ ကိုးကိုးကျွန်းပြဿနာကဲ့သို့သော မတရားသော ကိစ္စများရှိခဲ့သော်လည်း အင်န်အယ်လ်ဒီသည် မမျှတသည့် ဥပဒေများ၊ ညွှန်ကြားချက်များကို ထပ်မံကန့်ကွက် မနေတော့ဘဲ ပါတီဝင်များနှင့် ပါတီထောက်ခံသူများကိုသာ အဆက်မပြတ် ညွှန်ကြားချက်များ ထုတ်ပြန်၍ ရွေးကောက်ပွဲထမင်းရည်ပူစည်းကို မကျော်လွန်စေရန် မိမိတို့ဘာသာ ထိန်းသိမ်း တားဆီး နေထိုင်ခဲ့သည်။

နိုဝင်ဘာ ၉ မနက်ပိုင်းတွင် လူထုခေါင်းဆောင်လည်းဖြစ် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများနှင့် ၎င်းအားထောက်ခံသူများကို ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်ကြရန် သတိပေးခဲ့သည်။ အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲအောင်ပွဲမှာ တစ်နိုင်ငံလုံးနှင့်ဆိုင်သော အောင်ပွဲဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောခဲ့သည်။

ရွေးကောက်ပွဲများဖြင့် ငြိမ်းချမ်းသော အပြောင်းအလဲကို ဆောင်ယူနိုင်သည်။ ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများနှင့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ပြဆိုဖွင့်လှစ်သော ပွဲလည်းဖြစ်သည်။ ဤနေရာတွင် ဂုဏ်ပြုထိုက်သူများမှာ မိမိတို့၏အရှုံးကို ကျေကျေနပ်နပ်နှင့် လက်ခံခဲ့ကြသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖြုတ်ချခံ ဥက္ကဋ္ဌနှင့် လက်ရှိ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းနှင့် ဦးဌေးဦးတို့ဖြစ်သည်။ ဖြူးနှင့် ဟင်္သာတ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် သူတို့ရှုံးသွားသည့်အခါ သူတို့ရှုံးပြီဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။

ရွေးကောက်ပွဲသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြီးစီးသွားခဲ့သည်မှာ တိုင်းပြည်နှင့်လူထုအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ တစ်ခုသာ ကျန်တော့သည်၊ ပြည်သူအများစုက စိုးရိမ်နေသကဲ့သို့ မတည်မငြိမ်ဖြစ်မလာဘဲ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရက နောက်တက်လာမည့် အစိုးရအဖွဲ့ကို အေးအေးချမ်းချမ်းသာ အာဏာလွှဲဖြစ်မည်ဆိုလျှင် အတိုင်းထက်အလွန် တံခွန်ထက် ကုက္ကားဖြစ်ပါတော့မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံးအနှံ့ အနိုင်ရချေရှိနေသည့်အခါ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အင်န်အယ်လ်ဒီအောင်ပွဲသည် တစ်နိုင်ငံလုံး၏အောင်ပွဲဖြစ်ပါစေ။ အင်န်အယ်လ်ဒီနှင့် ဒီမိုကရေစီ အင်အားစုများသည် ရွေးကောက်ပွဲနည်းလမ်းအားဖြင့် ရနိုင်ဖွယ်ရှိနေသည့် ယခုအပြောင်းအလဲကို တိုင်းပြည်နှင့်ပြည်သူများ၏ အနာဂတ်အတွက် ကောင်းသော အပြောင်းအလဲအဖြစ် စုစည်းညီညွတ်စွာဖြင့် အားလုံးအတူလက်တွဲ၍ ဖန်တီးနိုင်ကြပါစေ။ အချုပ်အားဖြင့် အနိုင်အရှုံး မခွဲခြားတော့ဘဲ နိုင်ငံသားတိုင်း အနိုင်ရသည့် ပြည်သူ့အောင်ပွဲ (ဝါ) တိုင်းပြည်၏အောင်ပွဲ ဖြစ်ပါစေဟု မဇ္ဈိမက ဆုမွန်တောင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly