ဒီမိုကရေစီမပြည့်ဝသော ရွေးကောက်ပွဲနှင့် အမေစု

ဒီမိုကရေစီမပြည့်ဝသော ရွေးကောက်ပွဲနှင့် အမေစု

ရန်ကုန်၊ နိုဝင်ဘာ - ၉ ။        ။ နှစ်ပေါင်းများစွာအတွင်း နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွင် သန်းပေါင်းများစွာသော မြန်မာပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပေးပြီး နောက်တစ်ရက်တွင် မဲရလဒ်ထွက်ပေါ်မှုမှာ နှေးကွေးနေသော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကမူ အောင်ပွဲခံနိုင်လိမ့်မည်ဟု ယုံယုံကြည်ကြည် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများအတွက် ကာလရှည်တိုက်ပွဲဝင်ခဲ့မှုအတွက် နိုင်ငံတကာတွင် လူ့အခွင့်အရေး ပြယုဂ်အဖြစ် ထင်ရှားလာခဲ့သော အသက်၇၀အရွယ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အနိုင်ရသူများကို ဂုဏ်ပြုရန် စောလွန်းသေးသည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် ရလဒ်များနှင့် ပတ်သက်၍ သိပြီးသားဖြစ်လိမ့်မည်ဟု ယူဆကြောင်းလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သူမ၏ပါတီက စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အသာရဦးဆောင်နေသည့် ပြိုင်ဆိုင်မှုပြင်းထန်လှသည့် ပြိုင်ပွဲတွင် ရှုံးနိမ့်သူများကို နာလိုခံခက်ဖြစ်အောင် မဆွရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူများကို သတိပေးခဲ့သည်။

၂၅နှစ်တာကာလအတွင်း နိုင်ငံ၏ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးပွဲဖြစ်သည့် နိုဝင်ဘာ ၈ရက်နေ့က သမိုင်းဝင်ရွေးကောက်ပွဲတွင် သန်း၃၀မျှသော မဲဆန္ဒရှင်များမှာ သူတို့၏ အသည်းကြားက မဲတစ်ပြားကို ဆန္ဒပြုနိုင်ရန်အတွက် နေပူဒဏ်ကို ကြံ့ကြံ့ခံကာ ရှည်လျားစွာ တန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၁၀၀၀ကျော်က လုပ်ငန်းစဉ် ချောမွတ်မှုရှိမရှိ စောင့်ကြည့်နေကြသော်လည်း ဝေးခေါင်သည့် ပြည်နယ်များမှ ပြိုင်ပွဲများတွင် နောက်ကျပြီးမှရောက်လာသည့် ကြိုတင်မဲများက စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုး (USDP)ပါတီကို အသာစီးရသွားစေခဲ့သည်ဟူသော ပြောဆိုချက်များ ရှိလာခဲ့သောကြောင့် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။

 ‘ပြည်သူလူထုတွေက နေပူထဲမှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြတာ သူတို့မဲတွေကို ရေတွက်မခံရတော့ အကြီးအကျယ် စိတ်ပျက်ကုန်ကြတယ်’’ဟု ကချင်ပြည်နယ်တွင် မဲပေးမှုကို လေ့လာစောင့်ကြည့်ခဲ့သည့် လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုမှ မီနာကာရှီ ဂန်ဂူလိုင်က ပြောကြားခဲ့သည်။

ဆန္ဒမဲပေးပြီးနောက်တွင်လည်း ရာပေါင်းများစွာသော NLD ထောက်ခံသူများမှာ ရုံးချုပ်ရှေ့တွင် စုရုံးလျှက် အနီရောင်ပူပေါင်းများ ဝှေ့ယမ်း၍၊ ကခုန်လျှက် အောင်ပွဲခံနေကြသည်။ ညနက်သည့် တိုင်အောင်ပင် ရုပ်သံဖန်သားပြင်ကြီးများပေါ်တွင် ကနဦးမဲရေတွက်မှုကို စောင့်ကြည့်နေကြပြီး အဝါရောင်မဲစာရွက်ပေါ်တွင် NLD၏ သင်္ကေတဖြစ်သည့် ခွပ်ဒေါင်းနံဘေးတွင် တံဆိပ်တုံးနှိပ်ထား သည်ကို မြင်ရသည့်အခါတိုင်းတွင် ဟေးခနဲ အော်ဟစ်နေကြသည်။

 ‘ကျနော်တို့ဟာ ၂၅နှစ်လုံးလုံး ဒုက္ခခံခဲ့ကြရပြီးပြီ။ ဒီနေ့တော့ စနစ်ဟောင်းကို ပြောင်းလဲပြီး စနစ်သစ်ကို ဆောင်ကျဉ်းတော့မယ်’’ဟု ကလေးနှစ်ယောက်မိခင် အိမ်ရှင်မ သိင်္ဂ ီက ပြောသည်။

စစ်အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်မျှ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ခံထားခဲ့ရသည့် လူဦးရေ ၅၁သန်းရှိသော အရှေ့တောင်အာရှနိုင်ငံ၏ မဲရုံများတွင် အကြီးအကျယ် အပြတ်အသတ် အနိုင်ရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီခေါင်းဆောင်များက ဟောကိန်းထုတ်ထားသည်။

သို့ရာတွင် အောင်ပွဲသို့ သွားသည့်လမ်းမှာ ပြတ်သားခဲလှပါသည်။ ပါတီဝင်များကမူ အစိုးရ ဖွဲ့နိုင်လောက်သည်အထိ အများစုအနိုင်ရလိမ့်မည်ဟု ယုံကြည်နေပုံရသည်။ သို့ရာတွင် ပါလီမန်နှင့် အဓိကကျသည့် ဝန်ကြီးဌာနများတွင် နေရာ ၂၅ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားတုန်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံပါ ဥပေဒတစ်ခုကလည်း အမေစုဟုခေါ်သည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားထားသည်။ ပြီးတော့ မြန်မာနိုင်တွင် နိုင်ငံရေးပါတီပေါင်း ၉၀ကျော်ရှိရာ လူမျိုးစု လူနည်းစုများကို ထောက်ခံသည့် အုပ်စုငယ်များကလည်း အစိုးရသစ်တစ်ရပ်ဖွဲ့ရာတွင် တစ်ခန်းတစ်ကဏ္ဍ အရေးပါလာမည်ဖြစ်သည်။   

ဒေါ်အောင်ဆန်းစုကြည်ကမူ အကယ်၍ သူုမ၏ပါတီက ပါလီမန်တွင် နေရာအများစုကို အနိုင်ရခဲ့လျှင် ဖွဲ့စည်းပုံဥပဒေက မည်သို့ပင် တားဆီးနေသည်ဖြစ်စေ နိုင်ငံကို သူမပင် အုပ်ချုပ်သွားမည်ဟု ယခုရက်သတ္တပတ်အစောပိုင်းက ပြောကြားခဲ့သည်။

‘ကျမက သမ္မတရဲ့အထက်က နေသွားမယ်’’ဟု သူမက ပြောကြားခဲ့ရာ ဘယ်ပုံအထက်က နေသွားမလဲဟု မေးမြန်းသည့်အခါတွင် ‘ကျမမှာ အစီအစဉ်တွေ ဆွဲပြီးသား’’’ဟု သူမက တုန့်ပြန်ပြောကြားခဲ့သည်။

ယခင်စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် နိုင်ငံ၏သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လေးစားမည်ဟု နိုဝင်ဘာ၆ရက်နေ့က ပြောကြားခဲ့သောကြောင့် မဲဆန္ဒရှင်အများစုက ဝမ်းသာအားရဖြစ်နေကြသည်။

၁၉၉၀ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDက အများစုကို အနိုင်ရခဲ့သော်လည်း စစ်အာဏာရှင်များက ရလဒ်ကို မျက်ကွယ်ပြုခဲ့ကြသည်။ စစ်အာဏာရှင်များက ၁၉၈၀ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခဲ့ရာ ထိုမှနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းစံဘဝကို ဝင်လိုက်ထွက်လိုက် နေလာခဲ့ရသည်။

‘ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကျမထင်ပါတယ်’’ဟု စစ်တပ်မိသားစုမှလာသည့် ဦးသိန်းစိန်ကို ထောက်ခံသူ ကလေးနှစ်ယောက်မိခင် အေးအေးမူက ပြောကြားခဲ့သည်။

ဝေဖန်သူများကမူ လက်နက်ကိုင်အကြမ်းဖက်မှုများ ဒင်းကြမ်းဖြစ်နေသည့် နိုင်ငံ၏ အချို့နေရာများတွင် မဲပေးပွဲများ မကျင်းပနိုင်သောကြောင့် ရွေးကောက်ပွဲများမှာ အစစ်အမှန် လွတ်လပ်မှုမရှိဟု ပြောကြားကြသည်။ နိုင်ငံမဲ့ဖြစ်နေကြပြီး၊ အစိုးရက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှွေ့ပြောင်းလာသုူများအဖြစ် သတ်မှတ်ထားသည့် ၁သန်းမျှသော ရိုဟင်ဂျာ မွတ်စလင်များမှာ မဲပေးခွင့် ငြင်းပယ်ခံထားရသည်။

၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုနောက်ပိုင်းတွင် ရိုဟင်ဂျာတစ်သိန်းကျော်မှာ ပြောင်းရွှေ့စခန်းများတွင်သာ နေထိုင်နေကြရသည်။

‘ရိုဟင်ဂျာလူထုတွေ မဲပေးခွင့် ငြင်းပယ်ခံထားရပြီး ပါလီမန်ရဲ့ ၂၅ရာခိုင်နှုန်းကို စစ်တပ်အတွက် ချန်လှပ်ပေးထားရတဲ့ အခြေအနေမှာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို မြင်ရဖို့ဆိုတာ ခဲယဉ်းပါတယ်’’ဟု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အရေိကန်လက်ထောက်အတွင်းဝန် တွမ် မာလင်နောစကီးက ပြောကြားသည်။ ‘ဒါပေမယ့်လည်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒကို ထင်ဟပ်နိုင်တဲ့ ရလဒ်တစ်ခုတော့ ရှိနိုင်ပါတယ်’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။  

ရွေးကောက်ပွဲကို အနောက်ကမ္ဘာမှ မြန်မာကို ထောက်ခံသူများ၊ အထူးသဖြင့် အိုဘားမားအစိုးရက အနီးကပ်စောင့်ကြည့်နေပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ပေါ့ပေးသည့်အပြင် ကန်ဒေါ်လာ သန်း၅၀၀နီးပါးမျှ ကူညီထောက်ပံ့ခြင်းဖြင့်လည်း မြန်မာအစိုးရ၏ ဒီမိုကရေစီသို့ အပြောင်းအရွေ့ကို အားပေးအားမြှောက်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သန်းပေါင်းများစွာ ဆန္ဒမဲပေးသည့် ငြိမ်းချမ်းသော သမိုင်းဝင်မဲပေးမှုဖြစ်ပေါ်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် အက်ဖ် ကယ်ရီက ကြေညာချက်တစ်ခုတွင် ချီးကျူးပြောဆိုခဲ့သည်။

 ‘ဒီရွေးကောက်ပွဲတွေဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဆိုပေမယ့်လည်း ပြည့်ဝဖို့တော့ လိုနေပါသေးတယ်။ စစ်တပ်အတွက် အရွေးမခံရတဲ့ အမတ်နေရာတွေကို ချန်လှပ်ပေးထားရတာ၊ ရိုဟင်ဂျာလို အရင်ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေ မဲပေးခွင့် ငြင်းပယ်ခံခဲ့ရတာနဲ့ နိုင်ငံသားနဲ့ နေထိုင်မှု လိုအပ်ချက်တွေအပေါ် အခြေခံပြီး ကိုယ်စားလှယ်တွေကို မခိုင်လုံစေတာတွေ အပါအဝင် စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီအရပ်သားအစိုးရ ပေါ်ပေါက်လာဖို့အတွက် အတားအဆီးတွေ ရှိနေတယ်။

အမေရိကန်အာဏာပိုင်များကမူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ တန့်နေသည့်အပေါ်တွင် စိုးရိမ်နေကြပြီး မိသားစုအရွယ်အစား၊ ဘာသာကူးပြောင်းမှုနှင့် အိမ်ထောင်ရေးစောင့်ထိန်းမှုများနှင့် ပတ်သက်သည့် ပြင်းထန်သည့် ဥပဒေသစ်များမှာ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထားသည်ဟု ယူဆပြီး စိတ်ပျက်နေကြသည်။    

မြန်မာနိုင်ငံ၏ လူဦးရေး သန်း၃၀ကျော်မှာ အထက်အောက် ပါလီမန်နှစ်ရပ်အတွက်သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက်ပါ ဆန္ဒမဲပေးပိုင်ခွင့် ရရှိမည်ဖြစ်သည်။

အမည်ထပ်နေခြင်း၊ ကျော်သွားခြင်းများကြောင့် အစိုးရ၏ ကွန်ပျူတာစနစ်သုံး မဲစာရင်းမှာ အကြီးအကျယ် ဝေဖန်ခံနေရသော်လည်း Carter Center ကမူ မဲစာရင်းအမှားပြောဆိုချက်များမှာ အခြေအမြစ်မရှိကြောင်း အောက်တိုဘာလ ၂၇ရက်နေ့က သတင်းတစ်ရပ်တွင် ပြောကြားခဲ့သည်။  

ရန်ကုန်မြို့ပြင်ကို ထွက်လိုက်သည်နှင့် ဆူညံရှုပ်ထွေးသော လမ်းမများမှာ ဟိုနေရာသည်နေရာတွင် တဲအိမ်ကလေးများ၊ ဝါးကပ်နံရံများ၊ သရက်ပင်များနှင့် အုန်းပင်များ ကြိုးကြဲပေါက်ရောက်နေသည့် ကွင်းပြင်များဆီသို့ ဦးတည်သွားနေကြသည်။

သို့သော်ငြား တနင်္ဂနွေနေ့တွင် ကျောင်းဝင်းများထဲမှ မဲရုံများဆီသို့ ရောက်ရှိရန် လူကြီးလူုငယ် ယောကျ်ားမိန်းမများ တန်းစီစောင့်ဆိုင်းနေကြသည်။ တစ်ကြိမ်တစ်ခါမျှ မဲမပေးဖူးသူများအတွက် နံရံများပေါ်တွင် ဆန္ဒမဲပေးသည့်လုပ်ငန်းစဉ်ပါ ဘနိုင်းများ ချိတ်ထားသည်။

တံငါသည်တစ်ယောက်အနေဖြင့် တစ်ရက် ၁၅ဒေါ်လာဝင်သည့် ၄၅နှစ်အရွယ် ဦးစိန်ကျော်ထီးက သူ့အနေဖြင့် လေးလည်းလေးစား မြန်မာနိုင်ငံအတွက်လည်း ကြွယ်ဝခြင်းတွေ ဆောင်ကျဉ်းလာနိုင်မည် ဟု ယုံကြည်မျှော်လင့်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို ဆန္ဒပြုမဲပေးခဲ့သည်ဟု ပြောသည်။

‘ပါတီက လူထုရဲ့ မိဘလိုပါပဲ။ ဒါပေမယ့် ပါတီကြောင့်တော့မဟုတ်ပါဘူး။ အမေစုကြောင့် မဲပေးခဲ့တာပါ’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly