ဗိုလ်ချုပ်ရုပ်ရှင်ကို ရွေးကောက်ပွဲအပြီးတွင်ပြီးစီးအောင်ရိုက်မည်

ဗိုလ်ချုပ်ရုပ်ရှင်ကို ရွေးကောက်ပွဲအပြီးတွင်ပြီးစီးအောင်ရိုက်မည်
ဓာတ်ပုံ - အောင်ဆန်းရုပ်ရှင်(fb)

ဩဂုတ် ၅

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြန်လည်ရိုက်ကူးဖော်ပြမည့် " အောင်ဆန်းရုပ်ရှင်"ကို လာမယ့်၂၀၂၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ပြီးစီးအောင်ရိုက်ကူးမည်ဖြစ်ကြောင်း အောင်ဆန်းရုပ်ရှင် casting ဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် ဒါရိုက်တာ ပန်းချီစိုးမိုးကပြောသည်။

ဓာတ်ပုံ - အောင်ဆန်းရုပ်ရှင်(fb)

 ၎င်းက“ရွေးကောက်ပွဲအတောအတွင်းနဲ့ ရွေးကောက်ပွဲပြီးလောက်တဲ့အချိန်တော့ ပြီးမှာပဲ။ ရွေးကောက်ပွဲမတိုင်ခင်လည်း ပြီးချင်ပြီးသွားနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုဗစ်နဲ့ဆိုတော့ ပြီးလည်း ပြီးသွားတဲ့အတိုင်းထိုင်နေရမှာပဲ။ ပြသခွင့်ကတော့ ဘယ်လိုမှမရနိုင်သေးဘူး။ ဒီတစ်ခေါက်တော့ ယုံပါ။ လုံးဝပြီးသွားမယ်။”ဟု ပြောသည်။

'''အောင်ဆန်းရုပ်ရှင်''တွင် ဂဠုန်ဦးစောနေရာအတွက်သရုပ်ဆောင်မယ့်သူအပြောင်းအလဲ လုပ်ရသောကြောင့် သူနဲ့ပတ်သက်တဲ့အခန်းများသာ ရိုက်ကူးရန်ကျန်တော့ကြောင်းသိရသည်။

ပန်းချီစိုးမိုးက “ရုပ်ရှင်က ငါးပုံ လေးပုံလောက်ပြီးပြီ။အဲ့ဒါကလည်း ဂဠုန်ဦးစောအတွက်ကြောင့်လေ လူပြောင်း လိုက်ရတယ်။ လူပြောင်းလိုက်ရတော့ အဲ့အခန်းတွေကျန်တယ်။ ကျန်တဲ့တိုလီမိုလီလေးတွေ ဖြည့်ချင်တာ ဘာညာ တော့ရှိတယ်။”ဟု ပြောသည်။

 ဒီဇာတ်ကားကိုမျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ဒီကားမှာပါဝင်တဲ့ အဓိက ဇာတ်ကောင်တွေကို အတတ်နိုင်ဆုံး တူအောင်ရိုက်ပေးထားကြောင်းလည်းသူကဆိုသည်။

အောင်ဆန်းရုပ်ရှင်ကိုရိုက်ကူးနေစဉ်ကာလအတွင်း COVID-19ကပ်ရောဂါ ဖြစ်ပေါ်လာသောကြောင့် ရိုက်ကူးရေးလုပ်ငန်းစဉ်များကို ရပ်နားခဲ့ရသည်။

ဓာတ်ပုံ - အောင်ဆန်းရုပ်ရှင်(fb)

ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ရုပ်ရှင်ရိုက်ကူးမှုများအားပြန်လည် ခွင့်ပြုခဲ့ပြီးနောက် ဩဂုတ် ၅ရက်နေ့မှာပဲ ချမှတ်ထားတဲ့စည်းကမ်းများအတိုင်း ပြန်လည်ရိုက်ကူးနေပြီဖြစ်သည်။

ဩဂုတ် ၅ရက်နေ့မှာတော့ ကိုဗစ်ကြောင့် ပိတ်ထားခံရတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်ပေါ်မှာ ပရိသတ်တွေနဲ့ လူစုလူဝေး မဖြစ်ပေါ်စေဖို့၊ ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ဖို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်ရယူပြီး ၂နာရီကြာ ရိုက်ကူးခဲ့ကြသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ရိုက်ကူးခွင့်ရခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ၂နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ဒီဇာတ်ကားကို ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်အကုန်အကျခံရိုက်ကူးမယ်လို့လည်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly