သမိုင်းဝင်ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများကို ကယ်ရီချီးကျူး

သမိုင်းဝင်ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများကို ကယ်ရီချီးကျူး

သို့သော်လည်း ရွေးကောက်ပွဲများမှာ ပြည့်စုံကောင်းမွန်မှုနှင့် အလှမ်းဝေးဟု သုံးသပ်

ဝါရှင်တန်၊ နိုဝင်ဘာ ၉  ။            ။ နိုင်ငံတွင် ငြိမ်းချမ်း၍ သမိုင်းဝင်သော ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီကျူးပြောကြားလိုက်သည်။ သို့သော်လည်း ရွေးကောက်ပွဲများမှာ ပြည့်စုံကောင်းမွန်မှုနှင့် အလှမ်းဝေးသည်ဟုလည်း သုံးသပ်ခဲ့သည်။

"နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဂုဏ်ပြုပါတယ်။ နောက်ပြီး ငြိမ်းချမ်းပြီး သမိုင်းဝင်တဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ နိုင်ငံတွင်းက ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေအားလုံးကို ချီးကျူးပါတယ်"ဟု ကယ်ရီက နိုဝင်ဘာ ၈ ကထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ နိုင်ငံရှိ ပြည်သူအများအပြားမှာ ပထမဆုံးအကြိမ်မဲပေးခြင်းဖြစ် သည်။

သန်းပေါင်းများစွာသော ပြည်သူများသည် အားလုံး၏အခွင့်အရေးကို လေးစားသော ဒီမိုကရေစီနိုင်ငံတစ်ခုဆီသို့ သွားရောက်ရာတွင် ခြေတစ်လှမ်းပိုမိုနီးကပ်စေလာစေရန် အခွင့်အရေးကို အမိအရဆုပ် ကိုင်ခဲ့ကြပြီး ဆယ်စုနှစ်များစွာအတွင်း မြန်မာပြည်သူများ၏ သတ္တိနှင့် အနစ်နာခံမှု၏ သက်သေပြချက်တစ်ခုဟုလည်း ကယ်ရီက ပြောသည်။

"ဒီရွေးကောက်ပွဲတွေဟာ ရှေ့ကို တက်လှမ်းတဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲတွေဟာ ကောင်းမွန်ပြည့်စုံမှုနဲ့တော့ ဝေးကွာနေတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်"ဟု ၎င်းကပြောသည်။

ပြည့်ဝသော ဒီမိုကရေစီနှင့် အရပ်သားအစိုးရဖြစ်လာရန် အကောင်အထည်ဖော်ရာတွင် စစ်တပ်အတွက် ရွေးကောက်ခံမဟုတ်သောများပြားလှသည့် အမတ်နေရာများ ချန်ထားခြင်း၊ (ရိုဟင်ဂျာဆိုသူများ အပါအဝင်) ယခင်ရွေးကောက်ပွဲများတွင် မဲပေးခဲ့သူပြည်သူများ မဲပေးခွင့်မရခြင်းနှင့် နိုင်ငံသားဖြစ်မှုနှင့် နေထိုင်ခွင့်ဆိုင်ရာလိုအပ်ချက်များကို အာဏာရှင်ဆန်ဆန်ကျင့်သုံးမှုအပေါ် အခြေခံကာ ကိုယ်စားလှယ်လောင်းများကို ပယ်ချခြင်းတို့အပါအဝင် အရေးကြီးသော ဖွဲ့စည်းပုံဆိုင်ရာနှင့် စံနစ်ဆိုင်ရာ အတားအဆီအနှောက်အယှက်များရှိနေဆဲဖြစ်ကြောင်းလည်း ကယ်ရီက ပြောသည်။

အမေရိကန်သည် ပြည်တွင်းပြည်ပမှ လေ့လာသူများနှင့် အတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ၎င်းကပြောသည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် မဲရေတွက်ခြင်း လုပ်ငန်းစဉ်နှင့် စာရင်းဇယားပြုစုမှုတွင် ပွင့်လင်းမြင်သာမှုရှိရေး၊ အများယုံကြည်လက်ခံနိုင်ရေးအပြင် မကျေနပ်ချက်များကို ကိုင်တွယ်ရာတွင် လျင်မြန်စွာ၊ ပွင့်လင်းမြင်သာမှုရှိစွာနှင့် သင့်လျော်စွာဖြစ်ရေး အတွက် အဖွဲ့အစည်းအားလုံးကို ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲသည် ပိုမိုငြိမ်းချမ်းရေး၊ ကြွယ်ဝရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အရေးပါသော ခြေလှမ်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly