ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို BT Sport က YouTube မှာ အခမဲ့ပြသမည်

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို BT Sport က YouTube မှာ အခမဲ့ပြသမည်

BT Sport က လာမယ့်သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားသွားမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရဲ့ ဗိုလ်လုပွဲစဉ်တွေကို YouTube မှာ အခမဲ့ပြသသွားမယ်လို့ ကြေညာလိုက်ပါတယ်။

BT Sport ဟာ သြဂုတ်လ ၅ ရက်မှာ ပြန်လည်စတင်မယ့် ပြိုင်ပွဲ နှစ်ရပ်ကို ဥရောပဘောလုံးပွဲတော် (European festival of football) အမည်နဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသဖို့အတွက် ပြင်ဆင်နေတဲ့ကြားက အခုလို ကြေညာခဲ့တာပါ။

အဆိုပါရုပ်သံလွှင့်ကုမ္ပဏီဟာ ၁၉ ရက်အတွင်း ကစားသွားမယ့် ပွဲစဉ် ၂၆ ပွဲစလုံးကို သူတို့ရဲ့ YouTube စာမျက်နှာအပြင် BT Sport App နဲ့ ဝက်ဘ်ဆိုက်တို့မှာလည်း ပြသသွားမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကနေ စတင်ပြီး ကြည့်ရှုသူတွေအတွက် ပရိသတ်အသံတွေကိုလည်း ထည့်သွားမှာပါ။

BT Sport က Podcast အနေနဲ့လည်း Club 2020 Daily with James Richardson အမည်နဲ့ ထုတ်လွှင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

BT Sport ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဂရင်းက "သြဂုတ်လကတော့ ဥရောပထိပ်တန်းပွဲစဉ်တွေနဲ့အတူ ဘောလုံးပရိသတ်တွေအတွက် အထူးရင်ခုန်စရာကောင်းတဲ့ လတစ်လဖြစ်လာပါလိမ့်မယ်။

"ပွဲစဉ်တိုင်းကို BT Sport ပရိသတ်တွေအတွက် ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် အစီအစဉ်သစ်တစ်ခုအဖြစ် နာမည်ကျော် တင်ဆင်သူတစ်ဦးဖြစ်တဲ့ ဂျိမ်းစ် ရစ်ချတ်ဆန်ရဲ့ Club 2020 Daily အစီအစဉ်သစ်ကိုလည်း အခမဲ့ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းတွေ၊ ပွဲစဉ်ဟိုက်လိုက်တွေနဲ့ ဆွေးနွေးမှုတွေအပြင် အထူး on-location features တွေလည်းပါဝင်မယ့် အစီအစဉ်ပါ။"လို့ ပြောပါတယ်။

ဘောလုံးပွဲတော်ဟာ ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ သြစတြီးယားကလပ် LASK အသင်းတို့ရဲ့ ပွဲစဉ်နဲ့အတူ သြဂုတ် ၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး နှစ်ရက်အကြာ သြဂုတ် ၇ ရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီတီး-ရီးယဲလ်၊ ဂျူဗင်တပ်စ်-လိုင်ယွန်ပွဲစဉ်တွေကို စတင်ကစားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲနှစ်ပွဲကို သြဂုတ် ၂၁ ရက်နဲ့ ၂၃ ရက်တို့မှာ ကစားသွားမှာဖြစ်ပါတယ်။

YouTube ရဲ့ ယူကေ ပါတာနာရှစ်အကြီးအကဲ ရစ်ချတ်လူးဝစ်က ဗိုလ်လုပွဲနှစ်ခုနဲ့ ပတ်သက်ပြီး "ကျနော်တို့ရဲ့ ပါတာနာရှစ်ဖြစ်တဲ့ BT Sport နဲ့အတူ ဆက်လက်ပြီး လက်တွဲရလို့ ဝမ်းသာမိပါတယ်။ ယူကေရဲ့ တစ်နှစ်တာ အားကစားပြက္ခဒိန်မှာ ပေါ်ပြူလာအဖြစ်ဆုံးထဲက တစ်ခုဖြစ်တဲ့ ဒီပြိုင်ပွဲနှစ်ခုကို ပရိသတ်တွေအနေနဲ့ ဆင်နွှဲနိုင်မယ့် အခွင့်အရေးကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly