ကိုကိုးကျွန်းမှာ NLD လုံးဝရှုံးပြီ

ရန်ကုန်၊ နိုဝင်ဘာ ၈ရက် ။ ။ ကိုကိုးကျွန်းမြို့နယ်တွင် ကြိုတင်မဲနှင့် မဲဆွယ်စည်းရုံးခွင့်မရရှိခဲ့တဲ့ တပ်တွင်းနယ်မြေများမှ မဲပေးသူတွေရဲ့ မဲတွေကြောင့် အတိုက်အခံပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်းအားလုံးရှုံးနိမ့်ခဲ့ပြီလို့ အဲဒီမြို့နယ်ပြည်သူလွှတ်တော် အမတ်လောင်း ဦးဝင်းမင်းက အတည်ပြုသည်။

"ရှုံးပေမယ့်၊ နိုင်တယ်၊ ဒီနေ့ရလာဒ်နဲ့ပက်သက်ပြီး အသိအမှတ်ပြုကြောင်း မဲရုံမှာဘာလက်မှတ်မှမထိုးခဲ့ဘူး။ ကြိုတင်မဲတွေရောက်ကတည်းက မဲရုံးမှူးကစပြီးအမှားတွေလုပ်တယ်။ ရောက်ရောက်ခြင်းစစ်ရမှာမစစ်ဘူး။ နောက်ပြီး ၈နာရီခွဲမှ လက်မှတ်ထိုးခိုင်းတယ်။ မဲလာပေးသူတွေကိုလည်း စစ်တပ်ကကားနဲ့လာပို့ပေးတယ်။" လို့ ၎င်းကဆိုသည်။

ကိုကိုးကျွန်းအခြေစိုက် တပ်မတော်စစ်စခန်းများမှပေးသည့် ကြိုတင်မဲ ၃၅၈မဲတွင်တွင် အများဆုံး ၆မဲသာ NLDရရှိပြီး၊ အနည်းဆုံး ၃မဲအထိပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သော်လည်း ယင်းရလာဒ်များနှင့်ပက်သက်ပြီး ဥပဒေများနှင့်ညှိုစွန်းနေသဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးအထိ တင်ပြကာတရားစွဲဆိုသွားမည်ဟုလည်း သူကဆိုသည်။

NLD ပါတီက အနိုင်ရရှိသည့်ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းကို ရွေးကောက်ပွဲဥပဒေ ၅၁ (ဂ) မှာတော့ ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိတဲ့ဒေသမှ၊ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ်၊ ရဲတပ်ဖွဲ့ဝင်များက ကြိုတင်မဲပေးလိုပါက ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည် ဆိုသည်။

၅၁ (ဇ)တွင် ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲလေ့လာသူတို့ ကြည့်ရှုနိုင်တယ်လို့ ပြဌာန်းထားပေမယ့် အဲဒီအချက်အလက်တွေနဲ့မကိုက်ညီလို့ ရွေးကောက် ပွဲကော်မရှင် ခုံရုံးသို့တင်သွင်း တရားစွဲ မည်ဟု ဦးဝင်းမင်းက ပြောသည်။

ကိုကိုးကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်မှာတော့ NLD က ဦးဝင်းမင်းနဲ့၊ ပြည်ခိုင်ဖြိုးက ကာချုပ်ရေ(ငြိမ်း) သူရဦးသက်ဆွေ တို့သာယှဉ်ပြိုင်ပြီး၊ တစ်ခြားတိုင်းလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်း အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ယင်းနှစ်ပါတီမှကိုယ်စားလှယ်များသာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ကိုကိုးကျွန်းမှ ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်တို့ မဲရရှိမှုအခြေအနေ

မဲရုံအမှတ် ၁။
ကြိုတင်မဲပေးသူ  -၂၈ဦး
ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၂၅မဲ။ (အမျိုးသား)- ၂၄မဲ။ (တိုင်း ၁)- ၂၄မဲ။
NLD (ပြည်သူ့)- ၃မဲ။ (အမျိုးသား)- ၄မဲ။ (တိုင်း ၁)- ၃မဲ။ ပယ်မဲ ၁မဲ
ပုံးမဲ

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၂၄၉မဲ(ပယ်မဲ- ၂၁မဲ)။ (အမျိုးသား)- ၂၅၀မဲ(ပယ်မဲ-၁၆မဲ)။ (တိုင်း ၁)- ၂၅၁မဲ(ပယ်မဲ- ၁၁မဲ)။
NLD (ပြည်သူ့)- ၁၄၁မဲ။ (အမျိုးသား)- ၁၄၀မဲ။ (တိုင်း ၁)- ၁၄၉မဲ။
မဲရုံအမှတ် ၂။
ကြိုတင်မဲပေးသူ  -၃၅၈ဦး
ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၃၅၁မဲ။ (အမျိုးသား)- ၃၄၅မဲ(ပယ်မဲ- ၈မဲ)။ (တိုင်း ၁)- ၃၅၀မ(ပယ်မဲ- ၃မဲ)ဲ။
NLD (ပြည်သူ့)- ၆မဲ။ (အမျိုးသား)- ၅မဲ။ (တိုင်း ၁)- ၅မဲ။
ပုံးမဲ

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၅၈၆ မဲ(ပယ်မဲ- ၁၅မဲ)။ (အမျိုးသား)- ၅၈၃မဲ(ပယ်မဲ-၁၃မဲ)။ (တိုင်း ၁)- ၅၈၆မဲ(ပယ်မဲ- ၁၀မဲ)။ အခြားပါတီမှ ၂မဲရသည်။

NLD (ပြည်သူ့)- ၉၆မဲ။ (အမျိုးသား)- ၉၈မဲ။ (တိုင်း ၁)- ၉၈မဲ။

ကိုကိုးကျွန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၅၀၀ကျော်သာရှိပြီး မဲရုံအမှတ် ၁နှင့် ၂ နှစ်ခုသာရှိသည်။ ကြိုတင်မဲ ပေးရန်လျှောက်ထားသူ ၃၅၈ဦးရှိသော်လည်း ပြန်လည်ရောက်ရှိလာသည့်ကြိုတင်မဲတွင် မဲလက်မှတ် ၁စောင်မှ ၂စောင်အထိကွာခြားမှရှိနေသည်။

ယင်းအပြင် အရပ်သားများနေထိုင်သည့် နယ်မြေများသာ စည်းရုံးခွင့်ရခဲ့ပြီး တပ်အခြေစိုက် ကန့်သတ်နယ်မြေ ဟုဆိုသည့် နယ်မြေများကို အတိုက်အခံပါတီ NLD အမတ်လောင်းများ စည်းရုံးခွင့်မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly