ဝန်ထမ်းများတဲ့ ဇဗ္ဗူသီရိမှာ NLDအမတ်လောင်း ဇေယျာသော် အနိုင်ရ

ဝန်ထမ်းများတဲ့ ဇဗ္ဗူသီရိမှာ NLDအမတ်လောင်း ဇေယျာသော် အနိုင်ရ

နေပြည်တော်၊ နိုဝင်ဘာ ၉ ။ ။ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများအများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ လေတပ်ဦးစီးချုပ်ဟောင်း တဖြစ်လဲ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် NLDအမတ်လောင်း ဦးဖြိုးဇေယျာသော်သည် ရွေးကောက်ပွဲ မဲရလာဒ်များအရ အနိုင်ရရှိသွားပြီဟု NLDအောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲရုံပေါင်း ၃၃ရုံရှိသည့် ဇဗ္ဗူသီရိမြို့နယ်တွင် မဲရလာဒ်ရေတွက်ပြီး မဲရုံ ၃၂ရုံတွင် မဲရလာဒ် ၂၅၀၀ခန့် အသာဖြင့် အနိုင်ရရှိခြင်းဖြစ်သည်ဟု ဇဗ္ဗူသီရိမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင် ဦးခင်မောင်တင့်က နိုဝင်ဘာ ၉ရက်၊ နံနက် ၁နာရီ၊ ၃၀မိနစ်တွင် ပြောသည်။

"မဲရုံ ၃၂ရုံ ရေပြီးသွားတာ ကျွန်တော်တို့က Plus ၂၅၀၀နဲ့ အသာစီးရထားတယ်။ ကျန်တဲ့ မဲရုံတစ်ရုံက အားလုံးစုစုပေါင်းမှ မဲဆန္ဒရှင် ၁၆၀၀ပဲ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။ လက်ရှိ ရေတွက်နေဆဲ မဲရုံမှာ မဲရုံအမှတ် (၁၆) ဖြစ်သည်။

မဲရုံ ၃၂ရုံတွင် မဲရလာဒ် ၂၅၀၀ဖြင့် အနိုင်ရသည်ဆိုသည့် NLDအမတ်လောင်း ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်သည် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရဝန်ကြီးတစ်ချို့ မဲပေးခဲ့သည့် ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ် ၁တွင်မူ ကြံ့ခိုင်ရေးအမတ်လောင်း ဦးမြတ်ဟိန်းကို ရှုံးနိမ့်ခဲ့သည်။

အဆိုပါ မဲရုံအမှတ်(၁)တွင်မူ ဦးမြတ်ဟိန်းက ၁၀၃၁မဲရရှိပြီး ဦးဖြိုးဇေယျာသော်ကမူ ၅၇၈မဲရရှိကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags