ကုရ်ဘာနီအီးဒ်နေ့တွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရန် အစီအစဉ်မရှိသေးဟုဆို

ကုရ်ဘာနီအီးဒ်နေ့တွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရန် အစီအစဉ်မရှိသေးဟုဆို

ဇူလိုင် - ၃၀ 

သြဂုတ်လ ၁ရက်နေ့တွင် ပြုလုပ်မည့် အစ္စလာမ်ဘာသာဝင်တို့၏ ဒီဒုလ်အဿွာဟာ(ကုရ်ဘာနီအီးဒ်နေ့)မှာ သားကောင်လှူဒါန်းခြင်းကို ခွင့်ပြုထားပြီး လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရန်အတွက် အစီအစဉ်မရှိသေးကြောင်း အစ္စလာမ်ဘာသာ ရေးခေါင်းဆောင် ဦးအေးလွင် ကပြောသည်။

ဦးအေးလွင်က “ သားကောင်တွေလှူဒါန်းရေးကိစ္စကတော့ ခွင့်ပြုချက်ရပါပြီ။ ဝတ်ပြုရေးကိစ္စကတော့ ခုထိ ရှုပ်ထွေးနေတုန်းပဲ။ ဝတ်ပြုဖို့ကိစ္စက ရန်ကုန်မှအပ တစ်ချို့မြို့နယ်တွေမှာ ခွင့်ပြုတာတွေရှိတယ်။ မနေ့က ရှမ်းပြည်နယ်က ပြန်ပိတ်တယ်။ ဗလီမှာဝတ်ပြုခြင်းကိစ္စနဲ့ ပတ်သက်လို့ကတော့ ခုထိတော့မရှင်းလင်းသေးဘူး” ဟု မဇ္ဈိမသို့ပြောသည်။

COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇူလိုင်လ ၃၁ရက်အထိ ထုတ်ပြန် ထားသော ပြည်သူသို့ ပန်ကြားချက် အမိန့်၊အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များကို သြဂုတ်လ ၁၅ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သားကောင်လှူဒါန်းမှုကို ခွင့်ပြုချက်ရရှိထားပြီး COVID-19ဗဟို ကော်မတီကသတ်မှတ် ထားသည့် တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းစသည့် စည်းကမ်းချက် ၅၀ခန့် သတ်မှတ်ထားကြောင်း သိရသည်။

ဦးအေးလွင်က “ အခုထိတော့ ရန်ကုန်တိုင်းမှာ လူစုလူဝေးနဲ့ ဝတ်ပြုဖို့ကတော့ အစီအစဉ်မရှိသေးဘူး။ နီအီးဒ်နေ့က ၁ရက်နေ့မှဆိုတော့ ဒီကြားထဲတော့ ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။
သြဂုတ်လ ၁ရက်နေ့တွင် ကျရောက်သည့်အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်ဘာနီအီးဒ်နေ့ကိုအစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးထားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်တွင် ဗုဒ္ဓဘာသာဝင် ၄၅ သန်းကျော် ရှိပြီး ၈၉ ရာခိုင်နှုန်းကျော် ရှိသည်။ အစ္စလာမ် ဘာသာဝင် ၁.၁ သန်းကျော် ရှိပြီး ၂.၃ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

ဇူလိုင်လ ၃၀ရက်ကစပြီး ဘုရားစေတီတော်များအားသွားရောက်ဖူးမြော်ခွင့်ကို ပြန်လည်ခွင့်ပြုသည့်အမိန့်စာထွက်ရှိပြီးနောက် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ညွှန်ကြားချက်များကို ရက်တိုးမြှင့် လိုက်သည့်အတွက် ဘုရား၊စေတီများကို ဖွင့်လှစ်ခွင့်ကို ပြန်ပိတ်ခဲ့သည်။

ကပ်ရောဂါထိန်းချုပ်ကာလအတွင်း မန္တလေးမြို့မှာ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းသည့်အတွက် လူ ၁၂ဦးကို ထောင်ဒဏ် သုံးလချမှတ်ခဲ့သလို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာလည်း လူစုလူဝေးဖြင့် ဘုရားထီး တော်ပင့်ဆောင်ရာတွင် ဦးဆောင်ခဲ့သူကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင်ဒဏ် ကိုးလ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly