ပေါ့ပေါ့ပါးပါး လေးလေးပင်ပင်

ပေါ့ပေါ့ပါးပါး လေးလေးပင်ပင်

ခေတ်ပြောင်းခေတ်လွဲရွေးကောက်ပွဲဟု တင်စားခြင်းခံရသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကား အပြစ်အနာအဆာတချို့ ရှိသည်မှအပ အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့လေပြီ။ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူအများစု မဲပေးခဲ့ကြသော ရွေးကောက်ပွဲဖြစ်ပြီး၊ အမျိုးသမီးမဲဆန္ဒရှင်အင်အား များပြားခဲ့သည်ကို ထူးခြားစွာတွေ့ရသည်။

သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကို မထည်ဝါဘဲ မဲလာပေးသည်ကို တွေ့ရပြီး၊ အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ သူတို့ထက်စာလျှင် ယုံကြည်မှုကြောင့် ပို၍တင်းရင်း မာထန်နေဟန်ရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်အဆက်ဆက်အောက် နေခဲ့ရသူ မဲဆန္ဒရှင်ပြည်သူများအတွက် မျှော်လင့်ချက်တစုံတရာဖြစ်သည်။ သူတို့သည် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စောစောစီးစီး အိပ်ရာမှ နိုးထကြပြီး၊ မနက် ၄ နာရီကတည်းက မဲရုံရောက်နေကြသူတွေရှိသည်။ အသက် ၉၀ ကျော် ၁၀၀ နီး ပြည်သူများကပါ အိမ်ကထွက် မဲပေးကြသည်။

ပြောင်းလဲချိန်တန်ပြီဟု ပြည်သူများက ယူဆကြပုံရသည်။ မဲပေးပြီးသော မဲဆန္ဒရှင်ပြည်သူအများစုမှာလည်း နှစ်ထောင်းအားရ ရှိနေပုံပေါ်သည်။ သူတို့သည် ၎င်းတို့ ဆောင်ရွက်ရန်ရှိသော ပြုဖွယ်ကိစ္စများကို ဆောင်ရွက်လိုက်ရသည့်အတွက် ကျေနပ်ကြည်နူးနေကြသည်။ ယနေ့ (နိုဝင်ဘာ ၉) မှစတင်၍ သဲကွဲရှင်းလင်းလာဖွယ်ရှိသည့် ရလဒ်များအပေါ်တွင် ပြည်သူများ၏ ဝမ်းသာမှုအရှိန်သည် မြင့်တက်လာဖွယ်ရှိသည်။

ရွေးကောက်ပွဲရက်၌ ပြည်သူများ၏ ဆန့်ကျင်ဘက်တွင် ပေါ့ပါးသောဟန်ဖြင့် တွေ့မြင်ရသူများမှာ နိုင်ငံ၏ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်များ ဖြစ်နေသည်။ သမ္မတဦးသိန်းစိန်က မီဒီယာသမားတချို့အား ``မနိုင်ဘူးဆိုရင်လည်း မနိုင်တဲ့အတိုင်းပဲပေါ့၊ ဘယ်တတ်နိုင်မလဲ`` ဟု ပြောသည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးကလည်း ``ရှုံးတာနိုင်တာ ကျွန်တော်တို့အတွက် ဘာမှမဟုတ်ဘူး`` ဟု ပြောသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း ``ထွက်လာတဲ့ ရလဒ်ဟာ ဘယ်လိုမဆို လက်ခံရမှာပေါ့`` ဟု ပြောလေသည်။ ဟန်ပန်မများသည့် ပုံစံဖြင့် မဲလာပေးသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရလဒ်အတိုင်းသာ လက်ခံမည်ဟု မီဒီယာများကို ပြောခဲ့သည်။

ယခင်က မောက်မာတင်းရင်းသည်ဟု ယူဆထားခြင်းခံရသူများသည် ရွေးကောက်ပွဲရက်နှင့် မတိုင်မီလေးတွင် အေးဆေးပျော့ပျောင်းသည့်အသွင် ဆောင်လာသည်မှာ ထူးခြားနေလေသည်။ နိုင်ငံ့ခေါင်းဆောင်များက မည်သည့်အတွက်ကြောင့် ပေါ့ပေါ့ပါးပါး စိတ်ထားကြသနည်းဆိုသည်မှာ များစွာမေးမြန်းဖွယ်ကောင်းသည့် မေးခွန်းတစ်ခုဖြစ်သည်။

နိုဝင်ဘာ ၈ ညပိုင်းမှစတင်၍ ပေါ်ထွက်လာခဲ့သည့် ရလဒ်များနှင့်ပတ်သက်၍ မဲဆန္ဒရှင်မိဘပြည်သူများမှာကား ရင်ခုန်လှိုက်မောလျှက်ရှိသည်။ နိုင်ငံရေးခရီးကား နိမ့်ချီမြင့်ချီရှိလွန်းလှသည်။ နိုင်ချေများလွန်းနေသော အဓိကအတိုက်အခံပါတီဖြစ်သည့် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုရွေးကောက်ပွဲတွင် ဖြစ်ပေါ်နိုင်ရန် ခဲယဉ်းလှသည့် ရာခိုင်နှုန်းပြည့်ဖြင့် နိုင်ခဲ့စေကာမူ အာဃာတ မထားဘဲ တိုင်းပြည်နှင့်လူထုအကျိုးအတွက် ပူးပေါင်းသင့်ပူးပေါင်းထိုက်သူများနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

လက်ရှိနိုင်ငံခေါင်းဆောင်များ သွေးအေးနေသည်မှာ ပြည်သူများ မလိုလား လက်ခံသည့် စစ်အာဏာရှင်များ အလိုကျ ရေးဆွဲပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျောက်တံတိုင်းကြောင့်ဖြစ်မည်ဟု ယူဆွယ်ရှိသည်။ တစ်ဖက်တွင်လည်း နီနီရဲရဲအောင်ပွဲခံသည့်တိုင် အလံဖြူပြထားသော ပြိုင်ဘက်ကောင်း ရှိနေသည်။ စစ်အာဏာရှင်နှင့် အကြွင်းအကျင်းများသည် မည်သည့်အခါမှ ပေါ့ပေါးပါးပါး အေးအေးဆေးဆေး နောက်ဆုတ်ရိုးမရှိသည်ကို ကောင်းစွာသိသော မဇ္ဈိမသည် မဲဆန္ဒရှင်ပြည်သူများနည်းတူ မြန်မာ့အနာဂတ်ရေးအတွက် မျှော်တွေးကာ မပေ့ါပါးဘဲ လေးလံနေကြောင်းကိုကား သိစေအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly