တရုတ်က Tik Tok အသုံးချကာ အမေရိကန်ရွေးကောက်ပွဲ၌ဝင်စွက်ဖက်မည်ကို ရီပတ်ဘလစ်ကန်များစိုးရိမ်

တရုတ်က Tik Tok အသုံးချကာ အမေရိကန်ရွေးကောက်ပွဲ၌ဝင်စွက်ဖက်မည်ကို ရီပတ်ဘလစ်ကန်များစိုးရိမ်

ဇူလိုင် ၂၉

တရုတ်ပိုင် ဗီဒီယိုမျှဝေသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်သော Tik Tok သည် အမေရိကန်ရွေးကောက်ပွဲကို တင်ရောက်စွက်ဖက်နိုင်သဖြင့် အဆိုပါခြိမ်းခြောက်မှုကို အကဲဖြတ်ရန် ထိပ်တန်းရီပတ်ဘလစ်ကန်အမတ်တစ်စုက ထရမ့်အစိုးရအား အင်္ဂါနေ့၌ တောင်းဆိုလိုက်သည်။

ပေကျင်းက လူမှုမီဒီယာအက်ပလီကေးရှင်းများဖြင့် နိုင်ငံရေးဆွေးနွေးမှုများအားထိန်းချုပ်ရန် ကြိုးပမ်းချက်များနှင့် လူနည်းစု ဝီဂါမျိုးနွယ်အပေါ် တရုတ်၏ပြုမူဆက်ဆံမှုများအပါအဝင် အထိအခိုက်မခံသော အကြောင်း အရာများအား Tik Tok က စိစစ်ဖြတ်တောက်မှုအပေါ် Marco Rubio၊  Tom Cotton နှင့် တခြား ဥပဒေပြုအမတ်များက ကိုးကားပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“တရုတ်ကွန်မြူနစ်ပါတီက သူတို့လိုလားတဲ့နိုင်ငံရေးရလဒ်တွေ ရရှိအောင်နဲ့ အမေရိကန်တွေအကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင် နိုင်ငံရေးနဲ့ဆိုင်တဲ့စကားဝိုင်းတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် ခြယ်လှယ်တာတွေလုပ်ဖို့ Tik Tok ကို အသုံးချမှာကို အလွန်အမင်း စိုးရိမ်မိပါတယ်” ဟု ဥပဒေပြုအမတ်များက အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ (ODNI)၊ အမိမြေလုံခြုံရေးဌာန ခေတ္တအတွင်းရေးမှူးနှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူးများထံသို့ စာရေးသားပေးပို့ခဲ့ကြသည်။

ကုမ္ပဏီ ပြောရေးဆိုခွင့်ဆိုရှိသူက Tik Tok သည် နိုင်ငံရေးသတင်းများအတွက် အကောင်းဆုံး အက်ပလီကေးရှင်းတစ်ခုမဟုတ်ဘဲ ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း ယင်းကဲ့သို့သော လူမှုမီဒီယာများရင်ဆိုင်ခဲ့ရသည့် အတွေ့ အကြုံများကိုရယူခြင်းနှင့် ၎င်းတို့အက်ပလီကေးရှင်းဘေးကင်းလုံခြုံမှုရှိစေရန် ကြိုတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။ TikTok သည် သတင်းအမှားများကိုတားဆီးရန် တင်းကျပ်သောမူဝါဒလည်းရှိပြီး နိုင်ငံရေးကြော်ငြာများကို လက်မခံကြောင်း၊ အကြောင်းအရာနှင့်ကန့်သတ်ချက်မူဝါဒများကို ကယ်လီဖိုးနီးယားအခြေစိုက်အဖွဲ့က ဦးဆောင်ပြီး မည်သည့်ပြည်ပအစိုးရကမှ မလွှမ်းမိုးကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုခဲ့သည်။

ODNI မှ တာဝန်ရှိသူက ရီပတ်ဘလစ်ကန်အမတ်များ၏ စာရရှိကြောင်း အတည်ပြုခဲ့သော်လည်း FBI နှင့် DHS တို့က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ရီပတ်ဘလစ်ကန်အမတ်များဖြစ်သည့် Ted Cruz၊ Joni Ernst Thom Tilis၊  Kevin Cramer နှင့် Rick Scott တို့ပါဝင်သည့် ဥပဒေပြုအမတ်များက ပေကျင်းအနေဖြင့် ByteDance Technology Co. ပိုင်ဆိုင်သည့် ရေပန်းစားသောအက်ပလီကေးရှင်းဖြင့် နိုင်ငံရေးအမြင်အချို့ကို ချဲ့ထွင်ကာ ဩဇာလွှမ်းမိုးမှုလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခြေ ရှိ/မရှိ တာဝန်ရှိသူများကို မေးမြန်းခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများပေါ်ပေါက်လာပါက နိုင်ငံခြားရွေးကောက်ပွဲလွှမ်းမိုးမှုဆိုင်ရာ သမ္မတအမိန့်အရ ByteDance ကုမ္ပဏီသည် အရေးယူပိတ်ဆို့ခံရနိုင်ဖွယ်ရှိ/ မရှိ ဥပဒေပြုအမတ်များက မေးမြန်းခဲ့ကြသည်။

၂၀၁၆ ခုနှစ်ကလည်း အမေရိကန်ရွေးကောက်ပွဲ၌ ထရမ့်အနိုင်ရအောင် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့ကာ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စွက်ဖက်ခဲ့မှုရှိကြောင်း အထူးအမှုလိုက်ရှေ့နေ Mueller ၏  ၂၀၁၉ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly