ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၀

ထောင်ထဲက ရေးတဲ့စာ( အပိုင်း - ၄ )

သန့်ဇော်(သန်လျင်)

စာရေးသူဟာ ကိုဗစ်ကို ခေါင်းစဉ်တပ်ပြီး ရေးလာတာ အပိုင်း ၁၀ တောင်ရှိသွားပါပြီ။ ဆိုရှယ်လူမှု ကွန်ယက် စာမျက်နှာမှာဆိုတော့လည်း အေဖိုးနှစ်မျက်နှာထက်ပိုသွားရင် စာဖတ်သူအတွက် အခက်အခဲ ဖြစ်နိုင်လို့၊ ကိုဗစ်က လည်း ခုချိန်ထိ ရှိနေတုန်းဖြစ်ပြီး ဘယ်အချိန်ကျမှ ကာကွယ်ဆေးတွေ တစ်ကမ္ဘာလုံး အနှံ့ ထိုးပြီးမလဲဆိုတာ ပညာရှင်တွေ ခန့်မှန်းနေကြဆဲပဲ ဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ပရိတ်သတ်ကြီး လည်း မပျင်းမရိရလေ အောင်၊ ဝေဖန်ဖို့နဲ့ မျှဝေဖို့ ကျွန်တော် ဒီစာတွေကိုရေးနေခြင်း ဖြစ်ကြောင်း ဝန်ခံ ပါရစေ။

ကျွန်တော်တို့ဟာ ကိုယ်မဖြစ်ချင်တာကို မဖြစ်ဖို့နဲ့ ကိုယ်ဖြစ်ချင်နေတာတွေကို ဖြစ်စေချင်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် မဖြစ်ချင်တာ မဖြစ်ဖို့နဲ့ ဖြစ်ချင်တာ ဖြစ်ဖို့ကြားမှာတော့ ဖြစ်သင့်တာကို ဖြစ်ကို ဖြစ်ရမယ်ဆိုတာ ကတော့ ဘယ်သူမှ အငြင်းပွားကြမယ် မထင်ပါဘူး။

ခုတစ်လောမှာတော့ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အထူးသဖြင့် ရပ်ကွက်ကျေးရွာများရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ကိုယ်စားလှယ်ရွေးချယ်မှု ဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောဆိုသံတွေ တော်တော်များများ ကြားနေ ရပါတယ်။ တကယ်တန်းမှာတော့ မြို့နယ်အလုပ်အမှုဆောင်တွေနဲ့ သူတို့ရွေးချယ်ထားတဲ့ မြို့မိမြို့ဖ တွေကပဲ ချယ်လှယ်သွားကြပြီး ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အသိအမှတ်မပြုဘဲ ဗဟိုလမ်းညွှန်မှု ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နောက်ဆုံးတော့ ရပ်ကွက် ကျေးရွာတွေက မလိုလား မနှစ်မြို့ကြတဲ့ ကိုယ်စားလှယ်လောင်း အဟောင်းအချို့ ပြန်ပါလာတာကို မကျေမနပ် ဖြစ်ကြပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနဲ့ မဲပေးမှုတွေကို ထိခိုက်နိုင်တယ်ဆိုတဲ့ စိတ်မကောင်းစရာ အသံဗလံတွေ ကြားနေရလို့ သက်ဆိုင်သူများ သတိပြုစေချင်လှပါတယ်။

NLD ဟာ မဲရှုံးလို့ လုံးဝမဖြစ်ပါဘူး။ အစိုးရမဖွဲ့နိုင်ဘူးဆိုတာ လုံးဝဖြစ်လို့မရပါဘူး။ မဲအပြတ်အသတ်နဲ့ နိုင်ကို နိုင်ရမှာဖြစ်ပါတယ်။ လုံးဝ(လုံးဝ) အစိုးရဖွဲ့နိုင်ရပါမယ်။ ကျွန်တော်ပြောတာ မလွန်ပါဘူးလို့ဘဲ ယုံကြည်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် အလွန်အမင်း ခါးခါးသီးသီးရက်စက် ကြမ်းကြုတ်လှတဲ့ စနစ်ဆိုးကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ထောင်ထဲမှာ ၂၃ နှစ်ကို အကြောင်းမဲ့စွာ ကျားကုတ်ကျားခဲ မသေရုံ ခံစားခဲ့ ရင်ဆိုင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ထောင်ထဲက ရေးတဲ့စာ ကို ပြန်ဆက်ပါဦးမယ်။

မရှေးမနှောင်းမှာပင် မိုးကျော်သူကို ကျွန်ုပ်ထံ ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့ ၊ လုပ်တယ်ဆိုတာကို ကျွန်တော်တော့ ပြောလိုက်ပြီ” ဆိုပြီး မိုးကျော်သူက ငိုယိုပြီးပြောပါတယ်။ ကျွန်ုပ်၏ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “မိုးကျော်သူ မင်းလည်းဘာမှ မလုပ်ဘူး၊ ငါလည်းဘာမှမလုပ်ဘူး၊ မင်းတို့မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။

အဲဒီလိုပြောပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်ုပ်ကို ထောက်လှမ်းရေးများက ဆဲဆို ဝိုင်းရိုက်ကြပါတော့တယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွဖြစ်နေပြီး၊ ကျွန်ုပ်၏မျက်နှာတစ်ပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ။ ဦးခေါင်းကလည်း အချက်ပေါင်းများစွာ ကြိမ်လုံးဖြင့်ရိုက်နှက်ထားသည့် ဒဏ်ကြောင့် သောက်ရေအိုးကိုခေါင်းတွင်စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို သောက်ရေအိုးပေါ်ဖိထား သလို တင်းကျပ်လေးလံစွာ ခံစားနေ ရပါပြီ။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပြပါသည်။ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝမပါဝင်၊ မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်းထောက်လှမ်း ကြပါ။ ကျွန်ုပ်တို့မှာ တရားခံအစစ်အမှန်များ လုံးဝအလျင်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံထောက်လှမ်းရေးအဖွဲ့လည်း အရှက်တကွဲဖြစ်မည်။ ကျွန်ုပ်တိုင်းပြည်ကို အလွန်ချစ်ပါသည်။

ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြားပြည်သူ လူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည်မဟုတ်ကြောင်း၊ လှိုက်လှိုက် လှဲလှဲ ကျွန်ုပ်၏ရင်တွင်းမှ ခံစားချက်များကို သေချာ ဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါသည်။

ကျွန်ုပ်အား စစ်ဆေးနှိပ်စက်ညှဉ်းပန်းမှုများ ၃ ရက်ကြာသောအခါ ညီညီဦးနှင့် မိုးကျော်သူတို့ကို ညသန်းကောင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ရှေ့သို့ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။

ညီညီဦး၏မျက်ဝန်းအတွင်းမှာလည်း ကျွန်ုပ်ကို နှိပ်စက်ထားမှုအပေါ် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်း ကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကိုပြန်ကြည့်ပါတယ်။ ဒေါသဖြင့် သူ့ကိုပြန်ပြောပါတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ၊ မင်းပြောတာတွေဘာမှ မဟုတ်ဘူး၊ မင်းလည်းမဟုတ်ဘူး၊ ငါလည်းမဟုတ်ဘူး။” ကျွန်ုပ်၏စိတ်တွေ ထူပူနေပါပြီ၊ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစား စားခွင့်မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံနဲ့ ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပမ်းနှိပ်စက်နေတာ သုံးရက် သုံးညရှိပြီး ညီညီဦးက “ကိုသန်းဇော် ဘာမှ ငြင်းမနေတော့ အသားအနာမခံနဲ့တော့ လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။

ကျွန်ုပ် ဒေါသသံနဲ့ အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁၀ ယောက်လောက်က ကျွန်ုပ်ကို ဝိုင်းရိုက်ကြတယ်။ နံကြားထဲကို လက်သီးနဲ့ထိုးသူကထိုးတယ်(အဲဒီအချိန်မှာ ကျွန်ုပ်မျက်နှာကို အဝတ်မစည်း ထားဘူ၊ ခေါင်းစွပ်လည်း မစွပ်ထားဘူး)။ ကျွန်ုပ်ခွေလဲသွားတယ်။    ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly