အာရှ၌ မြေယာကာကွယ်စောင့်ရှောက်သူ အသေအပျောက်အများဆုံးဖြစ်လာသည့် ဖိလစ်ပိုင်နိုင်ငံ

အာရှ၌ မြေယာကာကွယ်စောင့်ရှောက်သူ အသေအပျောက်အများဆုံးဖြစ်လာသည့် ဖိလစ်ပိုင်နိုင်ငံ

ဇူလိုင် ၂၉

ဖိလစ်ပိုင်သည် ပြီးခဲ့သည့်နှစ်၌ အာရှတိုက်တွင် မြေနှင့်သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်သူ အသေအပျောက်အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ကိုလံဘီယာပြီးလျှင် ကမ္ဘာတွင် ဒုတိယအန္တရာယ်အကြီးမားဆုံးနိုင်ငံ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်သည့် Global Witness က ဇူလိုင် ၂၉ ရက်တွင် ပြောသည်။

မြေဆီဩဇာကောင်းပြီး သယံဇာတပေါကြွယ်ဝသည့် မင်ဒါနောင်းနှင့်နီဂရော့စ်ကျွန်းများရှိသည့် ကျွန်းစုတွင် ၂၀၁၈ ခုနှစ်က မြေယာကာကွယ်စောင့်ရှောက်သူ အယောက် ၃၀ နှင့် ၂၀၁၉ ခုနှစ်က ၄၃ ယောက် အသတ်ခံခဲ့ ကြရသည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး တက်လာပြီးကတည်းက သေဆုံးမှုထက်ဝက်နီးပါးခန့်သည် လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

အသတ်ခံရသူများတွင် ပတ်ဝန်းကျင်စောင့်ရှောက်ရေးတာဝန်ယူနေသော  ဒေသခံခေါင်းဆောင်များ၊ လယ်သမားများနှင့် အစိုးရဝန်ထမ်းများလည်းပါဝင်သည်။ အသတ်ခံရသူ ထက်ဝက်ကျော်မှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်ပြီး ၁၆ ဦးမှာ သတ္တုလုပ်ငန်းများနှင့်ဆက်စပ်သည်။

သေဆုံးသူ ထက်ဝက်နီးပါးမှာ ကွန်မြူနစ်နှင့်မွတ်စလင်သူပုန်များ၏ ရန်ကိုကာကွယ်ရန် တပ်စွဲထားသော မင်ဒါနောင်းကျွန်း၌ နေထိုင်သူများဖြစ်သည်။  ကြံစိုက်ပျိုးသည့် နီဂရော့စ်ကျွန်းတွင်လည်း မြေယာကာကွယ် စောင့်ရှောက် သူများစွာ အသတ်ခံကြရသည်။

အသတ်ခံရသူများတွင် မင်ဒါနောင်းကျွန်းရှိ မာနိုဘိုလူမျိုးစုခေါင်းဆောင် Kaylo Bontolan လည်းပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

Datu Kaylo ကဲ့သို့ ဘိုးဘွားပိုင်မြေကာကွယ်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် တောင်းဆိုခဲ့ကြသော ဌာနေတိုင်းရင်းသားအများစု အသတ်ခံခဲ့ကြရသည်ဟု Global Witness အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး မိုးသစ်တောများကို ဖျက်ဆီးနေသော စီးပွားဖြစ်သစ်ခုတ်သမားများနှင့် သတ္တုတွင်းလုပ်သားများကို တားဆီးရန်နှင့် ဌာနေတိုင်းရင်းသားများ၏မြေယာအခွင့်အရေးများကို ကာကွယ်ရန် ကြိုးပမ်းနေစဉ်မှာပင် အပူချိန်မြင့်မားခြင်း၊ မြေပြိုခြင်းနှင့် အန္တရာယ်များသော တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်မှု များပြားလာခြင်း စသည့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုက မြေယာကာကွယ်စောင့်ရှောက် သူများအပေါ် ဖိအားပိုလာစေခဲ့သည်။

ကုမ္ပဏီကြီးများ၊ ဩဇာကြီးသောနိုင်ငံရေးသမားများနှင့် မြေပိုင်ရှင်များသည် တက်ကြွလှုပ်ရှားသူများ၏အသက်များ၊ ဒေသခံလူများ၏ အခွင့်အရေးနှင့်ကောင်းကျိုးများကို လျစ်လျူရှုပြီး မျက်နှာပြောင်တိုက်စွာ ငွေရရှိရေး ဆက်လက်လုပ်ဆောင်နေသည်ဟု Global Witness က ပြောသည်။

ဥပမာအားဖြင့် မင်ဒါနောင်းကျွန်း တိုင်းရင်းသားမြေပေါ်၌ တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်တည်ဆောက်မှုဖြစ်သည်။ အဆိုပါစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၇၀၀ ကျော် နေရပ်ရွှေ့ပြောင်းရန်ရှိနေပြီး ဒေသခံများကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်းမရှိဟု သိရသည်။

ဒူတာတေး သမ္မတတာဝန်ထမ်းဆောင်ပြီး ပထမသုံးနှစ်အတွင်းတွင် မြေယာကာကွယ်စောင့်ရှောက်သူ ၁၁၉ ဦးအသတ်ခံခဲ့ကြရပြီး ၎င်းအာဏာမရခင်က သုံးနှစ်က အသတ်ခံရသည့်ဦးရေထက် နှစ်ဆနီးပါးရှိသည်ဟု Global Wintess ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

လူအုပ်စုများ သို့မဟုတ် တစ်ဦးချင်းစီတိုင်းကို ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့ကို အာဏာအပြည့်အဝပေးထားသော အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေသစ်က မြေယာကာကွယ်စောင့်ရှောက်သူများအပါအဝင် အစိုးရဝေဖန်သူများ  တရားစွဲဆိုခံရမည့်အန္တရာယ်ကျရောက်နိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly