မိုဘိုင်းဖုန်းမှတဆင့် ဆယ်တန်းသင်ရိုးသစ်များကို လေ့လာနိုင်ပြီ

မိုဘိုင်းဖုန်းမှတဆင့် ဆယ်တန်းသင်ရိုးသစ်များကို လေ့လာနိုင်ပြီ

ဇူလိုင် ၂၇

မြန်မာ့ပညာရေးလောကအား တဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင် ယခုနှစ်တွင် စတင်ပြောင်း လဲလာသည့် သင်ရိုးသစ်များကို မိုဘိုင်းဖုန်းများပေါ်မှတဆင့် Concept X application အား အသုံးပြုပြီး လေ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

Concept X Application တွင် ဆယ်တန်းသင်ရိုးသစ်များဖြစ်သည့် သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒတို့ကို လေ့လာလို့ရနိုင်ပြီး သင်ရိုးဟောင်းများထဲမှ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ဇီဝဗေဒဘာသာရပ်တို့ကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်ခန်းစာများကို အမှတ်ပေးစည်းမျဉ်းနှင့်အညီရေးဆွဲထားပြီး အဆင့်တစ်ခုချင်းစီအလိုက် ရုပ်သံဖိုင်ဖြင့် အသေးစိတ်ရှင်းလင်းပို့ချထားကြောင်း Concept Xတည်ထောင်သူ ဦးစိုးထက်က ပြောသည်။

 “လက်ရှိမှာ ကျွန်တော်တို့က ကျောင်းသားတွေကို သင်တဲ့အခါမှာ ရှင်းပြတာတွေ၊ တွက်ပြတာတွေကို တတ်ကျွမ်း တဲ့ ဆရာကြီးတွေက ပြန်သင်ထားပေးတာဆိုတော့လေ သူတို့တွေက ဒီထဲကနေပြီးတော့ပဲ အပြင် ကျူရှင် သွားစရာမလိုဘဲ အစအဆုံးသေချာလေ့လာသင်ယူလို့ရတယ်ပေါ့။ ဒီဟာကိုပဲ ကြည့်ပြီးတော့ စာမေးပွဲအောင်တဲ့ အထိ လုပ်လို့ရတယ်”ဟု ဦးစိုးထက်က ပြောသည်။

ယင်း Application ကို ကျောင်းသား၊သူများအတွက် ကျူရှင်တက်စရာမလိုအောင် လုပ်ပေးထားသော်လည်း ကျောင်းသား၊သူများ၏ စာသင်ကြားနိုင်မှု အရည်အသွေးပေါ်မူတည်ကြောင်း ၎င်းက ပြောသည်။

Application ကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ရှိသည့် အစိုးရကျောင်း၌အသုံးပြုနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးစွဲမှုရှိကြောင်း သိရသည်။

“ဒီဟာရဲ့ အားနည်းချက်က ရှင်းပြထားတဲ့ ဗီဒီယိုတစ်ခုကိုကြည့်ပြီးရင် ကျောင်းသားတွေအနေနဲ့ နားလည်နိုင်လား နားမလည်နိုင်ဘူးလားဆိုတာမျိုးကို စမ်းသပ်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်တော့ ပြန်ပြီးလေ့ကျင့်ရတဲ့ သဘောမှာရှိတာပေါ့။  ပြန်ပြီးစစ်ပေးတာမျိုးတွေမရှိဘူးပေါ့။ အားသာချက်ကတော့ တကယ်တတ်ကျွမ်းတဲ့ ဆရာတွေက သင်ပြတာဖြစ်ပါတယ်။”ဟု ဦးစိုးထက်က ပြောသည်။

ယင်း Application တွင် ဒဿမတန်းသင်ရိုးအသစ်အတွက် သင်ကြားပြသမည့်သူများသည် နိုင်ငံတကာတက္ကသိုလ်များမှ ဘာသာရပ် အလိုက် အထူးပြုဘွဲ့ရသူများအပြင် စာသင်သက် နှစ် (၄၀) ကျော်သူများဖြစ်ကြောင်းလည်း သိရသည်။

Applicationကို ၂၀၁၈ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ကြောင်းလည်း သိရသည်။

ယင်း Application သည် ပညာရေးဝန်ကြီးဌာနနှင့် တရားဝင်ညှိနှိုင်းထားခြင်းမရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာ န၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။

“ဆရာတို့အနေနဲ့ ဒီလိုတရားဝင်ညှိနှိုင်းထားတာမျိုး တစ်ခုမှမရှိသေးဘူး။ ဆရာတို့မှာရှိတာက Myanmar Education Channel လို့ခေါ်တဲ့ Department of alternative education ကထုတ်လွှင့်နေတာရှိတယ်။ နောက် MZ platform ရှိတယ်။ဒီနှစ်ခုကလွဲရင် ဘယ်သူနဲ့မှ ဘာမှလုပ်ထားတာမရှိသေးဘူး။ တရားမဝင် အသုံးပြုနေတယ်ဆိုရင် ဆရာတို့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ထို့သို့ ပညာရေးဝန်ကြီးဌာနနှင့် ဆက်နွယ်လုပ်ဆောင်ရမည့် လုပ်ငန်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ  ခွင့်ပြုချက်ရယူကာ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ပြောသည်။

သို့သော် Concept Xတည်ထောင်သူ ဦးစိုးထက်ကမူ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းမျိုးရှိကြောင်း ပြောသည်။

“ ကျွန်တော်တို့က အရင်တုန်းက စုဖောင်ဒေးရှင်းနဲ့တွဲပြီးတော့ အစိုးရပဲပေါ့နော်။ တွဲပြီးတော့ မနှစ်က မွန်ပြည်နယ်မှာ အစိုးရက ဆရာ၊ ဆရာမတွေကို ထရိန်နင်ပေးတယ်။  ဒီ applicationနဲ့လည်း အသုံးပြုပြီးတော့ ထရိန်နင်ပေးတာလုပ်တယ်။ ဒီနှစ်ကျတော့ ကိုဗစ်ဖြစ်တာနဲ့ မလုပ်ဖြစ်ဘူးပေါ့။ ကျွန်တော်နဲ့ ဝန်ကြီးနဲ့တော့ တွေ့ပြီး စကားတွေဘာတွေပြောဖူးတာရှိတယ်။” ဟု ဦးစိုးထက်က ပြောသည်။

 “သူတို့ကျတော့ ဒီဗီဒီယိုဖိုင်ကို MRTVမှာလွှင့်ပေးမယ်ပေါ့။ အဲ့ဒီလိုလွှင့်ပေးဖို့အတွက်ကို ဒီဖိုင်တွေကို မမ်မိုရီ stickနဲ့ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေကျွန်တော်တို့အတွက်က။ Copyrightလည်းရှိတာကို။ အဲ့ဒီအတွက်ကြောင့် အဲ့ဒီအပိုင်းတွေမှာတွဲပြီးတော့ မလုပ်ဖြစ်ဘူးပေါ့နော်။” ဟု ဦးစိုးထက်က ဆက်လာက်ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly