ဖိလစ်ပိုင်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၀ ၀၀၀ ကျော်နှင့် စင်္ကာပူ၌ ၅၀ ၀၀၀ ကျော်ရှိ

ဖိလစ်ပိုင်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၀ ၀၀၀ ကျော်နှင့် စင်္ကာပူ၌ ၅၀ ၀၀၀ ကျော်ရှိ

ဇူလိုင် ၂၇

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ၀၀၀ ကျော်သွားပြီဖြစ်ပြီး ယခုကူးစက်နှုန်းအတိုင်းဆက်သွားပါက ပိုမိုတင်းကျပ်သော ကွာရန်တင်းစည်းမျဉ်းများ ဖြစ်ပေါ်လာစေမည့် လယ်ဗယ်တစ်ခုဖြစ်သည်။

တနင်္ဂနွေနေ့က ရောဂါကူးစက်သူ ၂ ၁၁၀ ဦးရှိသောကြောင့် စုစုပေါင်း ကူးစက်သူ ၈၀ ၄၄၈ ဦးရှိပြီဟု ကျန်းမာရေးဌာနကပြောသည်။ ထပ်မံသေဆုံးသူ ၃၉ ဦးရှိပြီး စုစုပေါင်း ၁၉၃၂ ဦးသေဆုံးပြီးဖြစ်သည်။ ဖိလစ်ပိုင်တွင် ကိုဗစ်ကုသဆဲလူနာ ၅၂ ၄၀၆ ဦးရှိကာ အရှေ့တောင်အာရှတွင် အများဆုံးဖြစ်သည်။

အင်ဒိုနီးရှားနှင့် စင်္ကာပူတို့တွင်လည်း ရောဂါကူးစက်မှုနှုန်း မြင့်တက်ဆဲဖြစ်သည်။ အင်ဒိုနီးရှားတွင် တနင်္ဂနွေနေ့က ရောဂါကူးစက်သူ ၁ ၄၉၂ ဦးနှင့် သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး စုစုပေါင်းရောဂါကူးစက်ခံရသူ ၉၈ ၇၇၈ ဦးနှင့် သေဆုံးသူပေါင်း ၄ ၇၈၁ ဦးရှိပြီဖြစ်သည်။

စင်္ကာပူတွင်လည်း ကူးစက်မှုအသစ် ၄၈၁ ဦးရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၅၀ ၀၀၀ ကျော်ပြီဖြစ်ကာ အများစုမှာ အဆောင်နေ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ သောကြာနေ့အထိ ကွာရန်တင်းစင်တာတွင် စောင့်ကြည့် ကန့်သတ်ခံနေရသော နိုင်ငံခြားသားအလုပ်သမား ၂၈ ၀၀၀ ခန့်ရှိသည်။

ဖိလစ်ပိုင်၌လည်း ယခုလအကုန်၌ ရောဂါကူးစက်ခံရသူ ၈၅ ၀၀၀ အထိ ရှိခဲ့ပါက မြို့တော်၌ အသွားအလာ ထိန်းချုပ်မှုများ ပိုမိုတင်းကြပ်လာနိုင်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က CNN ကို ဇူလိုင် ၂၂ ရက်က ပြောခဲ့သည်။

ဖိလစ်ပိုင်၌ အစိုးရက ကန့်သတ်မှုဖြေလျှော့ပေးခဲ့၍ ဇွန်လအကုန်က ရောဂါကူးစက်သူ ၃၇ ၅၁၄ ဦးရှိရာမှ ယခုလ၌ ၁၁၄ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး ဇူလိုင် ၂၃ မှစတင်၍ တစ်နေ့တာ ကူးစက်သူ ၂ ၀၀၀ ထက်မနည်း ရှိခဲ့သည်။

“စီးပွားရေးကို နောက်တစ်ဖန် ပြန်ပိတ်ဖို့ မတတ်သာတော့ဘူးလို့ ထင်ရတဲ့ အခြေအနေထိ ကျွန်တော်တို့ ရောက်ခဲ့ပါပြီ။ တကယ်လို့ တခြား ရွေးစရာမရှိလို့ ပိတ်ရမယ်ဆိုလည်း ပိတ်ဖို့ လိုအပ်ပါတယ်” ဟု Roque က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly