‘ဒီဆုဖလားက ပရိသတ်တွေအတွက်ပါ။’ - စီးရီးအေဖလားကို ၉ ကြိမ်ဆက်တိုက်ရအောင် ကူညီပေးခဲ့တဲ့ ရော်နယ်လ်ဒို

‘ဒီဆုဖလားက ပရိသတ်တွေအတွက်ပါ။’ - စီးရီးအေဖလားကို ၉ ကြိမ်ဆက်တိုက်ရအောင် ကူညီပေးခဲ့တဲ့ ရော်နယ်လ်ဒို
Photos: EPA

ဂျူဗင်တပ်စ်အသင်းဟာ တူရင်မှာ ဆမ်ဒိုးရီးယားကို အနိုင်ယူပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူတို့ရဲ့ စံချိန်ထပ်မံတိုးချဲ့လိုက်တဲ့ ၉ ကြိမ်ဆက် စီးရီးအေချန်ပီယံဆုဖလားဟာ 'ပရိသတ်တွေအတွက်' ရည်ရွယ်တယ်လို့ ပြောပါတယ်။

တိုက်စစ်မှူးဟာ ပီယာနစ်ရဲ့ ဖရီးကစ်ဆီကနေ သူ့ရဲ့ ဒီရာသီ လိဂ်သွင်းဂိုး ၃၁ ဂိုးမြောက်ကို သွင်းယူခဲ့ပြီး အနိုင်ဂိုးကိုတော့ ဘာနာဒက်စ်ချီက သွင်းယူခဲ့ပါတယ်။

ဆာရီရဲ့ အသင်းဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အမှတ်ပေးချန်ပီယံဆုကို ၉ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်ဆုံးမိနစ်မှာ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဘားတန်းထိပြီး ထွက်ခဲ့လို့ စီးရီးအေရဲ့ ဂိုးသွင်းဇယားထိပ်ဆုံးက သွင်းဂိုး ၃၄ ဂိုးနဲ့ ရပ်တည်နေတဲ့ အီမိုဘီလီကို အနီးကပ်လိုက်မီမယ့် အခွင့်အရေးလွဲချော်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဇွန်လ ၂၀ ရက်က အီတလီမှာ ဘောလုံးပွဲတွေပြန်လည်စတင်ပြီးနောက်ပိုင်း ၁၀ ဂိုးအထိ သွင်းယူခဲ့ကာ သူဟာ ဥရောပက ဘယ်ကစားသမားထက်မဆို ပိုသွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာ စုစုပေါင်း ၃၁ ဂိုးသွင်းယူထားပါတယ်။

သူဟာ လက်ကျန် နှစ်ပွဲကျန်ရှိနေချိန်မှာ ၁၉၃၃-၃၄ ရာသီက ဂျူဗင်တပ်စ်အတွက် ၃၁ ဂိုးသွင်းယူခဲ့တဲ့ နောက်ဆုံးကစားသမားဖြစ်သူ အီတလီအသင်းနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ Felice Borel နဲ့လည်း တူညီခဲ့ပါတယ်။

"နှစ်ကြိမ်ဆက် ချန်ပီယံအတွက်ရော ဒီကြီးကျယ်ခမ်းနားလွန်းတဲ့ ကလပ်ရဲ့ သမိုင်းကြောင်းကို ဆက်လက်တည်ဆောက်ရလို့ပါ ပျော်ရွှင်မိပါတယ်။ "လို့ ရော်နယ်လ်ဒိုက Instagram မှာ ပြောပါတယ်။

"ဒီဆုဖလားဟာ ဂျူဗင်တပ်စ်ပရိသတ်တွေအားလုံးအတွက် ရည်ရွယ်ထားတာပါ။ ကမ္ဘာ့ကြီးကို လှန်ပစ်လိုက်ပြီး ကျနော်တို့အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ကပ်ရောဂါကူးစက်ခံစားခဲ့ရသူတွေအတွက် အထူး ရည်ရွယ်ပါတယ်။"

"ဒါဟာ မလွယ်ကူခဲ့ပါဘူး။ ခင်ဗျားတို့ရဲ့ သတ္တိ၊ သဘောထားနဲ့ သန္နိဌာန်တွေက ဒီချန်ပီယံရှစ်ရဲ့ နောက်ဆုံးပြိုင်ပွဲကို ရင်ဆိုင်ဖို့ ကျနော်တို့ လိုအပ်တဲ့ ခွန်အားဖြစ်ပြီး အီတလီအားလုံး ရည်ရွယ်တဲ့ ဒီဆုဖလားအတွက် အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပါတယ်။"

"ခင်ဗျာတို့အားလုံးကို ရင်းရင်းနှီးနှီး  ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။"
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly