ပေးထားချက်အကျပ်အတည်း

By အောင်ခိုင်နိုင်
26 July 2020
ပေးထားချက်အကျပ်အတည်း

ဇူလိုင် ၂၆

ရွေးကောက်ပွဲနီးလာတော့ အသံတွေပြန်ညံလာသည်။ “နိုင်ငံရေးမှာ ကွက်လပ်မရှိ” ဆိုသည့်အတိုင်း အချိန်တိုင်းလိုအပ်ချက်များအတွက် အဖြေသည်တနည်းမဟုတ်တနည်း ရှိနေတတ်သည်။ လွန်ခဲ့သော ၅ နှစ်ကျော်မှ ပြည်သူများ၏ နိုင်ငံရေး ရေချိန်နှင့် အခုရေချိန်သည်မတူညီတော့ပါ။ ခေတ်ပြိုင်နိုင်ငံရေးကာလအတွင်း ပြည်သူတစ်ယောက်အနေဖြင့် ဖြတ်သန်းမှုအရ ယခုလာမည့်ရွေးကောက်ပွဲအတွက် ဘယ်ပါတီကိုမဲပေးရမလဲ စဉ်းစားရင်း အဖြေတစ်ခု(အကျပ်အတည်း) ကိုသွားတွေ့သည်။ မဖြေရှင်းသရွေ့ ဒီအကျပ်အတည်းက နောင်လာမည့်ရွေးကောက်ပွဲတိုင်းရင်ဆိုင်ရဖွယ်ရှိနိုင်သည်။ ဒါကတော့ အရပ်ဖက် ၇၅ ရာခိုင်နှုန်းနှင့် စစ်တပ် ၂၅ ရာခိုင်နှုန်း အခြေခံဥပဒေ ၏ပေးထားချက်အကျပ်အတည်း ကြောင့် ဖြစ်သည်။  ဒီလိုပြောလိုက်လို့ ပုံပြင်ဟောင်းကြီးလို့မထင်စေချင်ပါ။ အခုက စစ်တပ်၊ စစ်တပ် နောက်ခံပါတီများနှင့် တခြားအရပ်ဖက်ပါတီများအတွက် တကယ်အကျပ်အတည်းဖြစ်ပုံကို ပြောမှာဖြစ်သည်။

စစ်တပ်ခံဖူးပြီ

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးတုန်းက ၅၉(စ) ဖြင့်ညာပြပြီး၊ ဘယ်ဖြင့်သွင်းသွားတာ အားလုံးအမြင်ဖြစ်သည်။ အဲဒီတုန်းက တစ်ခါခံပြီးသွားခဲ့သည်။ ယခုက မဲပေးပြည်သူတွေအတွက် ဝိရောဓိဖြစ်သလို၊ စစ်တပ်နှင့် တခြားအရပ်ဖက်ပါတီများအတွက်လည်း အကျပ်အတည်း တကယ်ဖြစ်လာသည်။

ထင်သလောက်မပြေးနိုင်

NLD အစိုးရ ငါးနှစ်သက်တမ်းမှာ ပြည်သူတွေမျှော်လင့်သလောက်မပြေးနိုင်ဟုထင်သည်။လက်ရှိ မှာ အရှေ့တောင်အာရှနိုင်ငံများ နှင့် ယှဉ်ပြေးနိုင်မှုတောင်မလုပ်နိုင်ဟု အများစုကလက်ခံထားသည်။အရင်စစ်အစိုးရ
လူတွေလို မခိုး၊မလိမ်ရင်ပြီးရောဆိုပြီး၊ လက်ခံနေလို့မရပါ။ စေတနာကောင်းထားသည်ဆိုသော်ငြား မလုပ်တတ်၊မကိုင်တတ်လျှင် ဘာမှ မထူးပါ။ ဘက်တိုင်းကတော့အကြောင်းပြချက်မျိုးစုံရှိသော်ငြားလည်း ဘောလုံးပွဲအသင်းတစ်သင်းလို  အကျိုးပြုချည်းကပ်နည်းဖြင့် အသင်းအောင်နိုင်ရေးစိတ်ဓါတ်သည် ပင်မပန်းတိုင်ဖြစ်သည်။ မကန်နိုင် (သို့) ကျိုးလျှင်ကွင်းမှ ထွက်ရသည်မှာ လျော်ကန်သောနည်းလမ်းဖြစ်သည်။ တစ်သင်းလုံးရည်ရွယ်ချက်သည် အောင်နိုင်ရေးဖြစ်သောကြောင့်ဖြစ်သည်။

“ဦး”ရွေးတက်ဖို့လို

နောက်တခုက လူရွေးမှန်ဖို့အရေးကြီးသည်ဟုထင်သည်။ အရင်ပါလီမန်ခေတ်တွင် “ဦး၊ ဗိုလ်၊ သခင်” အုပ်စုများအားပြိုင်ကြသည်။ ယခုခေတ်ဆိုလျှင် “ဦး၊ ဗိုလ် ၊ ထောင်” ဟုတင်စားနိုင်သည်။ NLD အစိုးရတွင် “ထောင်” များပြီး၊ “ဦး” နည်းသည်။ နောက်တစ်ခုက “ဦး” ရွေးရာတွင်လည်း နီးစပ်ရာ နှင့် “facebook လူသိ” များသာ များတတ်သည်။ တကယ်လုပ်တတ်သူများသည် “facebook လူသိ” များ လို ကိုယ့်ကိုယ်ကိုမကြော်ငြာတတ်ကြသူတွေလည်းရှိနိုင်သည်။ (မှတ်ချက်။ ။မန္တလေးမြို့တော်၀န်လို ပြည်သူနှင့် တသားတည်းကျအောင် facebook သုံးတာကိုမဆိုလိုပါ။ သူ့လို Facebook ကိုသုံးပြီး ပြည်သူအတွက် အသုံးချတတ်တာ တကယ်ကောင်းပါသည်။)

တခြားလမ်းစရှာပြီ

မဲပေးပြည်သူများကို အကြမ်းဖျင်းခွဲထုတ်ကြည့်လျှင် ပါတီစွဲ၊ စစ်တပ်စွဲ နှင့် အဖြေအဓိကစွဲ တို့ဖြစ်သည်။ အဖြေအဓိကစွဲ ဖြစ်နေသောပြည်သူများ လက်ရှိ NLD အစိုးရကို အားမရဖြစ်နေတာငြင်းမရဟုထင်ပါသည်။ သူတို့သည် NLD အစိုးရထံမှ ဥုံဖွ ဆိုကာ ချမ်းသာတိုးတက်ပါစေလို့တောင်းဆိုနေသည်မဟုတ်တာအမှန်ဖြစ်သည်။ ငါးနှစ်အတွင်း မှာ လက်ရှိရရှိနေသောအဖြေထက် ပိုလုပ်နိုင်သည်လို့ ယုံကြည် ထားလို့ဖြစ်သည်။ ယခု အဖြေအဓိကစွဲတို့ မဲပေးလျှင် ဘယ်ပါတီကို မဲပေးရမည်နည်းဟုလမ်းစရှာ စဉ်းစားနေကြသည်။

အဖြေအဓိကစွဲ တို့၏ဝိရောဓိ

လက်ရှိအခြေခံဥပဒေအရ ၇၅ ရာခိုင်နှုန်းအတွင်း ပြည်သူမှ ၀င်ကစားရသောကစားကွင်းဖြစ်သည်။ NLD လို အင်အားကြီးပါတီမှသာ အာဏာရှင် နလံမထူနိုင်ရေးမှာ အလွန်အရေးပါသဖြင့် မဲမကွဲရေးသည် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ NLD မဟုတ်သော တခြားအရပ်ဖက်ပါတီများ နှင့် စစ်တပ်နောက်ခံပါတီများကို အတိုက်အခံအဖြစ်နေအောင် မဲပေးမိလျှင် ၇၅ ရာခိုင်နှုန်းမှာ မဲကွဲသွားသည့်အတွက် အဆင်မပြေနိုင်ပါ။ နောက်ဆုံးတော့ လက်ရှိလက်စ၊လက်နကို မနှစ်သက်သော်လည်း NLD ကိုမဲပေးဖို့ အဖြေထွက်နေရသည်။

ဒုတိယံပိမခံမိဖို့

စစ်တပ်အနေဖြင့် မိမိ၏ပေးထားချက်များကို သေချာစွာသုံးသပ်အဖြေရှာဖို့ အချိန်တန်ပြီ ထင်ပါသည်။ ပြည်သူများသည် အာဏာရှင်စနစ်ကို မကြိုက် သော်လည်း စစ်တပ်နောက်ခံလူကြီးများရဲ့ တချို့မူ၀ါဒပိုင်း၊ ဆုံးဖြတ်ပြတ်သားမှုအတွေ့အကြုံတွေကို လက်ခံကြသည်။ လက်ရှိနိုင်ငံရေးကစားကွင်းအရ စစ်တပ်နောက်ခံပါတီများနှင့် တခြားအရပ်ဖက်ပါတီများကို ကြိုက်သော်လည်း မဲမပေးနိုင်အောင် ပေးထားချက်အကျပ်အတည်းက ခံနေသည်။ ပြည်သူသာ ၁၀၀ ရာခိုင်နှုန်းကစားခွင့်ရလျှင် NLD ကို အားပြိုင်နိုင်သော ပါတီကြီးများထွက်ပေါ်ကာ အတိုက်အခံစောင့်ကြည့်ထိန်းကျောင်း နိုင်မည်ဖြစ်သည်။ ဒါသည် ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးအတွက်လည်းကောင်းသလို၊ တိုင်းပြည်အတွက်လည်းအလွန်ကောင်းသည်။ တခါတလေ ကိုယ်လုံအောင် ခတ်ထားသော တံတိုင်းများသည် ကိုယ်ပါထွက်မရဖြစ် နေတတ်သည် မှာ လက်ရှိအကျပ်အတည်းကပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly