ဖိုဖန်နာရဲ့နောက်ကျ အနိုင်ဂိုးကြောင့် ဆုဖလားအောင်ပွဲခံဖို့ နှောင့်နှေးသွားတဲ့ ဂျူဗင်တပ်စ်

ဖိုဖန်နာရဲ့နောက်ကျ အနိုင်ဂိုးကြောင့် ဆုဖလားအောင်ပွဲခံဖို့ နှောင့်နှေးသွားတဲ့ ဂျူဗင်တပ်စ်
Photos: AFP & EPA

ကြာသပတေးနေ့က ဖိုဖန်နာရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ဂျူဗင်တပ်စ်တို့ဟာ ရုန်းအားကောင်းတဲ့ အူဒီးနီးစ်ကို ၂-၁ ဂိုး အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီးနောက် ၉ ကြိမ်ဆက် စီးရီးအေဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။

ဒတ်ချ်နောက်ခံလူ ဒီလစ်ဂျ်က ပထမပိုင်းမပြီးခင် ၃ မိနစ်အလိုမှာ ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ အူးဒီးနီးစ်အသင်းက ပြန်လာနိုင်ခဲ့တာကြောင့် ဂျူဗင်တို့ အရေးနိမ့်ခဲ့ရပါတယ်။

အူးဒီးနီးစ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ နက်စ်တိုရိုဗက်စကီးနဲ့ ဖိုဖန်နာတို့က သွင်းယူပေးခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ၃ ပွဲလက်ကျန်နဲ့အတူ ဒုတိယနေရာက အတ္တလန္တာကို ၆ မှတ်အသာနဲ့ ဦးဆောင်နေပြီး တနင်္ဂနွေနေ့၊ အိမ်ကွင်းမှာ အဆင့် ၁၄ နေရာက ဆမ်ဒိုရီးယားနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ၃၆ ကြိမ်မြောက် စီရီးအေဖလား သိမ်းပိုက်ဖို့ နောက်ထပ်အခွင့်အရေးရှိနေပါတယ်။

"ပထမပိုင်းကစားပုံကောင်းမွန်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရချိန်မှာ အသင်းရဲ့ တုံ့ပြန်မှုက ဆိုးရွားခဲ့တဲ့အတွက် ပေးဆပ်လိုက်ရတာပါ။"လို့ ဆာရီက ပြောပါတယ်။

"ဒီနည်းအတိုင်းပဲ ကျနော်တို့ဟာ ပွဲကို အန္တရာယ်များတဲ့အဆင့်ထိ ခေါ်ဆောင်သွားခဲ့ပြီး မိနစ် ၉၀ ပြီးနောက်မှာတော့ ကျနော်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။"

"ဒီရာသီ အခုလိုအချိန်ကာလမှာ ကျနော်တို့ ကံမကောင်းတဲ့ အခြေအနေတချို့ကို လက်ခံဖို့လိုပါတယ်။ ဒါကို လူတိုင်း ဖြတ်သန်းနေကြရတယ်။ ကျနော်တို့ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းခဲ့ပါတယ်။"

​​​​​​​

အူးဒီးနီးစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ စွမ်းဆောင်ရည်ဟာ သြဂုတ် ၇ ရက်မှာ လိုင်ယွန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းပွဲစဉ်မတိုင်ခင် စိုးရိမ်စရာအနေအထားဖြစ်နေပါတယ်။

"အခုအချိန်မှာ ကျနော် ချန်ပီယံလိဂ်အကြောင်း စဉ်းစားမနေပါဘူး။ ကျနော့်စိတ်ထဲမှာ ဆမ်ဒိုရီးယားနဲ့ပွဲသာ ရှိပါတယ်။"လို့ ဆာရီက ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ပွဲစဉ်တွှေအဖြစ် အိမ်ကွင်းမှာ ဆမ်ဒိုးရီးယား၊ အဝေးကွင်းမှာ ကယ်ဂလီယာရီ၊ အိမ်ကွင်းမှာ ရိုးမားတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly