မိဘများကို သတ်သည့် တာလီဘန်များကို AK-47 ဖြင့် ပြန်ပစ်သတ်ခဲ့သော အာဖဂန် အမျိုးသမီးငယ်လေး

မိဘများကို သတ်သည့် တာလီဘန်များကို AK-47 ဖြင့် ပြန်ပစ်သတ်ခဲ့သော အာဖဂန် အမျိုးသမီးငယ်လေး

ဇူလိုင် ၂၃

အာဖဂန်နစ္စတန်ရှိ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးသည် တာလီဘန် တိုက်ခိုက်မှုတစ်ခုကို ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် ဟီးရိုးတစ်ဦး ဖြစ်လာခဲ့သည်။ Qamar Gul အမည်ရ အသက် ၁၅ နှစ်အရွယ် အာဖဂန် မိန်းကလေးငယ်သည် ဖခင်ဖြစ်သူ တာလီဘန်တို့၏ လက်ချက်ဖြင့် မသေဆုံးခင် သူမအား ပေးထားခဲ့သော AK-47 သေနတ်ဖြင့် စစ်သွေးကြွများကို တိုက်ခိုက်သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ Gul သည် သမ္မတ အိမ်တော်သို့ လာရောက်ရန် ဖိတ်ကြားခံထားရပြီး ဖြစ်သလို သူမ၏ ရဲစွမ်းသတ္တိအတွက် သမ္မတ အာရှ်ရက်ဖ် ဂါနီ၏ ချီးကျူးခြင်းကိုလည်း ခံထားရသည်။

အာဖဂန် အနောက်ပိုင်း Ghor ဒေသကနေတဆင့် တယ်လီဖုန်းဖြင့် CBS News သို့ ဖြေကြားရာတွင် Gul က ပြီးခဲ့သည့်အပတ် ညတစ်ညတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ပြန်လည် ပြောပြခဲ့သည်။ အဆိုပါ ညက အကြမ်းဖက်သမားများသည် Geriveh ကျေးရွာရှိ သူမတို့ နေအိမ်သို့ ရောက်လာခဲ့သည်။

“အဲဒီညက ၁ နာရီ ဝန်းကျင်လောက်မှာ တာလီဘန်တွေ ကျွန်မတို့ အိမ်တံခါးကို လာခေါက်ခဲ့တယ်၊ အမေက ဘယ်သူတွေလဲ လို့ အိမ်ထဲကနေ လှမ်းမေးပြီး တံခါးမဖွင့်ပေးဘဲ နေခဲ့ကြတယ်၊ ဒါပေမယ့် သူတို့က တံခါးကို ရိုက်ချိုးဝင်လာကြတယ်၊ နောက် ကျွန်မရဲ့ အဖေနဲ့ အမေကို စကြံၤအတိုင်း တရွတ်တိုက် ဆွဲသွားကြပြီး နှစ်ယောက်စလုံးကို သတ်ပစ်လိုက်ကြတယ်” ဟု Gul က ပြောသည်။

ယင်းနောက် Gul သည် သူမ၏ ဖခင်ဖြစ်သူ ပေးထားသည့် AK-47 ရိုင်ဖယ်ကို ဆွဲပြီး တာလီဘန်များကို ပစ်ခတ်ခဲ့သည်။ သူမ၏ ပစ်ခတ်မှုကြောင့် တာလီဘန် သောင်းကျန်းသူ နှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရသွား ခဲ့သည်။ ယင်းနောက် ကျေးရွာသူ၊ရွာသားများ ရောက်လာပြီးနောက် တာလီဘန်တို့ကို ဆုတ်ခွာသွားစေခဲ့သည်။

“ကျွန်မ မိဘတွေကို သတ်တဲ့ လူသတ်သမားတွေကို ကိုယ်တိုင် ပြန်သတ်လိုက်ရလို့ တကယ် ဂုဏ်ယူမိပါတယ်၊ သူတို့က ကျွန်မမိဘတွေကို သတ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ သူတို့ကို ပြန်သတ်တယ်၊ ဒါပါပဲ၊ မဟုတ်ရင်လည်း သူတို့က ကျွန်မနဲ့ ကျွန်မမောင်လေးဆီ ထပ်လာဦးမယ်ဆိုတာ ကျွန်မသိနေခဲ့ပါတယ်” ဟု Gul က ပြောသည်။

“တာလီဘန် နှစ်ယောက်ကို ကျွန်မ သတ်ပြီးတဲ့နောက် အဖေနဲ့ အမေဆီ အပြေးသွားခဲ့တယ်၊ ဒါပေမယ့် သူတို့ အသက်မရှုကြတော့ပါဘူး၊ နောက်ဆုံးအချိန်မှာ သူတို့ကို စကားပြောခွင့်မရတော့လို့ ကျွန်မ ဝမ်းနည်းခဲ့ရတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

Gul ၏ ဖခင်ဖြစ်သူမှာ အစိုးရအပေါ် အခိုင်အမာ ထောက်ခံသူတစ်ဦးဖြစ်ပြီး ကျေးရွာကောင်စီ အကြီးအကဲ ဖြစ်ခဲ့သည့်အတွက် တာလီဘန် သောင်းကျန်းသူများ၏ ပစ်မှတ်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း Taywara ခရိုင်အကြီးအကဲ Muhammad Rafiq Alam က ပြောသည်။

ယခုအခါ ဆိုရှယ်မီဒီယာ သုံးသူများက Gul ၏ သတ္တိကို ချီးကျူးသွားခဲ့ကြပြီး တချိန်တည်းမှာလည်းပဲ သူမ၏ ဘေးကင်းမှုအတွက် စိုးရိမ်ပူပန်ကြောင်း တချို့က ထုတ်ဖော်ခဲ့ကြသည်။

Gul ကမူ သူမအနေဖြင့် သမ္မတနှင့် တွေ့ဆုံရန် စောင့်မျှော်နေသည်ဟု ပြောသည်။

“ကျွန်မ ဘဝနဲ့ ကျွန်မမိသားစု ဘဝက ခုချိန်မှာ အန္တရာယ်အောက်မှာ ကျရောက်နေပါတယ်၊ အစိုးရဘက်က ကျွန်မတိ့ုကို ကာကွယ်ပေးစေချင်ပါတယ်၊ ဒါမှလည်း ကျွန်မတို့ အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာပါ” ဟု သူမက ပြောသွားသည်။

ဒေသအုပ်ချုပ်ရေးမှူး Noor Muhammad Kohnaward က လက်ရှိအချိန်တွင် Gul ကို လုံခြုံသည့်နေရာတစ်နေရာသို့ ပြောင်းရွှေ့ပေးထားပေးကြောင်းနှင့် မကြာမီ သူမသည် သမ္မတ ဂါနီနှင့် တွေ့ဆုံရန် ကဘူးလ်သို့ သွားမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly