ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာမေးခွန်းများ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာမေးခွန်းများ

ဇူလိုင် ၂၀

မြန်မာနိုင်ငံ၏အကြီးမားဆုံးသောနှစ်ပတ်လည်အားလပ်ရက်ရှည်ဖြစ်သည့် သင်္ကြန်နှစ်သစ်ကူးပွဲတော်သည် ယခုအခါ အောက်မေ့အမှတ်ရစရာတစ်ခုဖြစ်နေသည်။ ယမန်နှစ်ကနှင့်မတူသည်မှာ ရေပိုက်များ၊ လူစုလူဝေးများဖြင့် ပျော်ပျော်ရွှင်ရွှင် မဆင်နွှဲနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါကိုဖြစ်စေခဲ့သော တရုတ်နိုင်ငံ ဝူဟန်မှစတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကို ရှောင်ရှားရန် လူများ အိမ်တွင်းပုန်းနေခဲ့ကြရသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အိမ်နီးချင်းနိုင်ငံများထက် များစွာနည်းသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုလျော့ကျစေရေး နိုင်ငံသားတစ်ဦးချင်းစီတိုင်း တာဝန်ယူမှုရှိစေချင်ကြောင်း မှာကြားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုရှယ်မီဒီယာ ဖေ့ဘွတ်ခ်အကောင့်ကို အသုံးလျက်ရှိသည်။

သို့သော်တရုတ်နိုင်ငံကလာသော တစ်ခုတည်းသောခြိမ်းခြောက်မှုမှာ ကိုဗစ်-၁၉ ဟု မြန်မာနိုင်ငံအနေဖြင့် ထင်မှတ်လျှင် မှားပေလိမ့်မည်။ မြန်မာနိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရန် ဆက်လက်အာရုံစိုက်နေစဉ် တရုတ်သမ္မတရှီ ကျင့်ဖျင်က မြန်မာနိုင်ငံမှ အကျိုးအမြတ်ရရှိရန် မျှော်မှန်းနေကြောင်း မှန်းဆချက်များလည်းရှိသည်။

သမ္မတရှီ၏ ပိုးလမ်းမ

မြန်မာနိုင်ငံအပေါ် တရုတ်၏ရည်မှန်းချက်မှာ သိသာရှင်းလင်းနေပါသည်။ တရုတ်သည် အရှေ့တောင်အာရှသို့ ဩဇာလွှမ်းမိုးနိုင်ရေး အိန္ဒိယသမုဒ္ဒရာအတွင်း ပုလဲသီကုံးသကဲ့သို့ ရေတပ်အင်အားဖြန့်ကြက်မှု၌ မြန်မာနိုင်ငံကို အရေးပါသော ချိတ်ဆက်မှုတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ တရုတ်သည် အိမ်နီးချင်းနိုင်ငံများအပေါ် အရှိန်အဝါလွှမ်းမိုးမှုအဖြစ် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) စီမံကိန်းမှတစ်ဆင့် ပိုးလမ်းမသစ်ကို တည်ဆောက် နေပြီး ၎င်း၏ အခြေခံအဆောက်အအုံနှင့်စစ်အင်အားတိုးချဲ့မှုအရှိန်ရရန်နှင့် ဩဇာအာဏာဖြန့်ကြက်ရန် အဓိပ္ပါယ်သက်ရောက်သည်ဟု ကမ္ဘာတစ်ဝန်းရှိ အစိုးရအရာရှိများနှင့် တရုတ်အရေးကျွမ်းကျင်သူများက ဆိုသည်။

တရုတ်ရေကြောင်းနယ်နိမိတ်ဖြန့်ကြက်မှုနှင့် ရေတပ်အခြေစိုက်စခန်း ကင်းတပ်ချထားမှု စသည့် သမ္မတရှိ၏ ရည်မှန်းချက်များနှင့်အညီ တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏လုပ်ရပ်များက ရန်လိုသောချဉ်းကပ်မှုနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း သာဓကပြလျက်ရှိသည်။ ဧပြီလက ဗီယက်နမ်ငါးဖမ်းလှေတစ်စီး တရုတ်ကမ်းရိုးတန်းစောင့်ရေယာဉ်တစ်စီးကြောင့် နစ်မြုပ်ခဲ့မှုအပေါ် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။ မလက်ကာရေလက်ကြားကို ရှောင်လွှဲပြီး  အိန္ဒိယသမုဒ္ဒရာသို့တိုက်ရိုက်ဝင်ရောက်နိုင်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်တို့၏ ရည်မှန်းချက် ဖြစ်ကြောင်းနှင့် ထိုသို့အသုံးပြုနိုင်ရန် တရုတ်က မြန်မာကို ဖျောင်းဖျသွေးဆောင်မည်ဆိုပါက တရုတ်စစ်အခြေစိုက်စခန်းအတွက် ကျိုးကြောင်းဆီလျော်သောရွေးချယ်မှု တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူများ စတင်အသက်ဆုံးရှုံးနေချိန် ဇန်နဝါရီလလယ်၌ သမ္မတရှီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့မှုသည် အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် တရုတ်ယူနန်ပြည်နယ်နှင့်ဆက်ထားသော စီးပွားရေးစင်္ကြံ၏အရေးကြီးပုံကို ပေါ်လွင်ထင်ရှားစေသည်။

တရုတ်သည် ဆက်သွယ်ရေးနှင့်ကုန်သွယ်ရေးစင်္ကြံထက်လွန်၍ ရှာဖွေနေပါသလား။

နိုင်ငံခြားစစ်တပ် တပ်စွဲမှုကို တားမြစ်သော ၂၀၀၈ ဖွဲ့စည်းပုံနှင့် မြန်မာအစိုးရ၏ ရပ်တည်ချက်အရ တရုတ်စစ်တပ်အခြေစိုက်စခန်း ထားနိုင်ဖွယ်မရှိချေ။ ထိုအချက်ကြောင့် တရုတ်စစ်တပ်များ မြန်မာနယ်စပ်အတွင်း လှုပ်ရှားမှုများရှိပါက ပိတ်ပင်ရန် အစိုးရအတွက် အဆင်ပြေသော အကြောင်းပြချက်ဖြစ်စေသည်။

တရုတ်နိုင်ငံ၏ခြေလှမ်း

ယခုနှစ် ဇန်နဝါရီနှင့်ဖေဖော်ဝါရီလ၌  ဝူဟန်မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူထောင်များစွာ အသက်ဆုံးရှုံးလျက် ကမ္ဘာ့ကပ်ရောဂါစတင်ဖြစ်စေခဲ့သဖြင့် တစ်ကမ္ဘာလုံးက ကြောက်လန့်တကြား စောင့်ကြည့်ခဲ့ ကြသည်။ သို့သော် နှစ်လအကြာတွင် သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံအား ကိုရိုနာဗိုင်းရပ်စ်ကုစားနိုင်သူအဖြစ် အသွင်ပြောင်းခဲ့ပြီး ဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ အခြားနိုင်ငံများကိုကူညီရန် ပြည်ပဆက်ဆံရေးကို အရှိန်အဟုန် မြှင့်သည့်ဘက်သို့ ဦးလှည့်ခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လမှစ၍ တရုတ်သည် ကပ်ရောဂါဒဏ်ပြင်းထန်စွာခံစားရသော ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှနိုင်ငံများသို့ နှာခေါင်းစည်းများ၊ ဆေးဘက်သုံးပစ္စည်းများနှင့် ဆရာဝန်များကိုပင် စေလွှတ် ထောက်ပံ့ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကိစ္စအပေါ် တရုတ်၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သောသဘောတရားများဖန်တီးရန် တရုတ်အစိုးရ၏အားထုတ်မှုကိုကြည့်ခြင်းအားဖြင့် သမ္မတရှီသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များအတွက် ဗိုင်းရပ်စ်ကို လက်နက်သဖွယ်အသုံးပြုနေကြောင်း ပြသနေသည်။ လိုအပ်သည့်အချိန်အကူအညီရသဖြင့် တချို့နိုင်ငံများက ချီးမွမ်းပြောဆိုကြသော်လည်း နှာခေါင်းစည်းနှင့် ပစ္စည်းများ၏ အရည်အသွေး ညံ့ဖျင်းမှုအပေါ် ဝေဖန်မှုများလည်း ရှိသည်။

မြန်မာနိုင်ငံ၌ တရုတ်၏ ရေရှည်မဟာဗျူဟာရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင်ရန် သမ္မတရှီက စီစဉ်ထားသော ချဉ်းကပ်မှုနည်းလမ်းသည် ကိုဗစ်-၁၉  ခြောက်လှန့်မှုက မြန်မာနိုင်ငံအတွင်း မည်သို့မည်ပုံ အကျိုးသက် ရောက်ဆိုသည်နှင့် ဆက်စပ်နိုင်သည်။

မုတ်သုန်ရာသီအဝင်

ဤအချိန်သည် ကျောင်းသူကျောင်းသားများအတွက်လည်း ထူးခြားသော အားလပ်ရက်ကာလဖြစ်သည်။ မုတ်သုန်ရာသီအစ ဇွန်လတွင် ကျောင်းများစဖွင့်ရန် သတ်မှတ်ထားကြသည်။ ရန်ကုန်၏ ပူပြင်းဖုန်ထူသော လမ်းများ တွင် မိုးရေများဖြင့် ပြည့်လျှံခဲ့သည်။ သို့ရာတွင် မြန်မာသည် တခြားမုန်တိုင်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် အားလုံးက စိတ်ဝင်တစား ကြည့်နေကြသည်။

တရုတ်၊ အမေရိကန်နှင့် ဥရောပတွင် ကိုဗစ်-၁၉ ကြောင့် အံ့မခန်းသေဆုံးနေမှုအပေါ် တစ်မ္ဘာလုံးက မြင်တွေ့နေရပြီး မြန်မာနိုင်ငံ မည်သို့ဖြစ်လာမည်နှင့်ပတ်သက်၍ ရေရေရာရာ မပြောနိုင်ပေ။

အာဆီယံမြို့ကြီးများတွင် လူနေထူထပ်ခြင်း၊ ရောဂါခြေရာခံမှုအားနည်းခြင်းနှင့် သန့်ရှင်းရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံဆိုင်ရာ လက်လှမ်းမီမှုအားနည်းခြင်းတို့ကြောင့် WHO ၏ အကြံပြုချက်များကို မလိုက်နာပါက ကိုဗစ်-၁၉ သည် ဥရောပနှင့်မြောက်အမေရိကတို့ထက် အာဆီယံနိုင်ငံများကို ပိုမိုရိုက်ခတ်နိုင်ကြောင်း ၂၀၂၀ ဧပြီလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါကို မည်သို့ကိုင်တွယ်မည်နှင့်ပတ်သက်၍ ထိုအချိန်က စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၁ ၃၂၅ သာရှိပြီး ထိုင်း (တစ်ဦးလျှင် ဂျီဒီပီ ၇ ၂၀၀ USD) နှင့် စင်္ကာပူ (တစ်ဦးလျှင် ဂျီဒီပီ ၆၄ ၅၀၀ USD) တို့ထက် များစွာနည်းသောကြောင့် WHO စည်းမျဉ်းများကို အလိုရှိသလို လိုက်နာရန် ငွေကြေးမတတ်နိုင်ပေ။

ယနေ့အချိန် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀ ကျော်နှင့် သေဆုံးသူ ခြောက်ဦးသာရှိပြီး အာဏာပိုင်များ ကပ်ရောဂါကိုင်တွယ်ပုံကို တွေ့မြင်နိုင်ပေသည်။ ဗိုင်းရပ်စ်တားဆီးနိုင်ရေးအတွက် လော့ဒေါင်းချမှတ် ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် သန့်ရှင်းစွာနေခြင်း စသည့် အလယ်အလတ်နည်းလမ်းများအသုံးပြုရန်နှင့် ပြည်သူများ နိုးနိုးကြားကြားရှိစေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် တိုက်တွန်းခဲ့သည်။ အခြေအနေကို အပြည့်အဝထိန်းသိမ်းနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက၏ ပြီးပြည့်စုံသောနည်းလမ်းကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုကို ကူညီရာရောက်ခဲ့သည်။

သို့သော်လည်း ဗိုင်းရပ်စ်ထိန်းချုပ်မှုအစီအမံများ၏သက်ရောက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်မှု၊ ရာဇဝတ်မှုနှင့်ရံဖန်ရံခါ ဆန္ဒပြမှုများကို ဖြစ်စေခဲ့သည်။ စီးပွားရေးသိသိသာသာကျဆင်းမှုကြောင့် သာမန်မြန်မာပြည်သူများ အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး တချို့အလုပ်လက်မဲ့များသည် ဆင်းရဲတွင်းကျရောက်ကာ ရာဇဝတ်မှုများပါ ကျူးလွန်ခဲ့ကြသည်။ အစာရေစာမလုံလောက်သည့် ဆင်းရဲသောနိုင်ငံများတွင် ကပ်ရောဂါကြောင့် အငတ်ဘေးကြီး ဆိုက်နိုင်သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က မကြာသေးမီက သတိပေးခဲ့သည်။ ရွှေတြိဂံဒေသနှင့်မြန်မာပြည်မြောက်ပိုင်းမှ မူးယစ်ရာဇာများသည် ကိုဗစ်ကြောင့် အခြေအနေကသောင်းကနင်းဖြစ်နေမှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးတင်ပို့မှုများပြုလုပ်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများသည် လုံခြုံရေးအတွက် အထူးအခွင့်အာဏာများပေးနိုင်ရန် နိုင်ငံ့အရေးပေါ်အခြေအနေများ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာလူမျိုးများသည် ဥရောပနှင့်အမေရိကန်တို့ထက် အခက်အခဲကို ပိုခံနိုင်ရည်ရှိကာ ကျင့်သားရသော်လည်း လူတိုင်းတွင် အတိုင်းအတာတစ်ခုအထိသာရှိပြီး အာဏာပိုင်များသည် အထူးသဖြင့် ရွေးကောက်ပွဲကျင်းပမည့် နှစ်တွင် ပဋိပက္ခကြုံတွေ့နေရသည့် တိုင်းရင်းသားဒေသများကို ထိန်းချုပ်နိုင်ရေးကြိုးစားရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို သတိထားဆင်ခြင်ရမည်။

ရွေးချယ်စရာများ

ဤအခြေအနေကို အခွင့်ကောင်းယူရန် သမ္မတရှီအတွက် ဖြစ်နိုင်သောလမ်းကြောင်းသုံးခုကို တွေ့ရှိထားသည်။

ပထမအချက်အနေဖြင့် တရုတ်သည် မြန်မာတိုင်းရင်းသားဒေသများတွင် ပို၍ ထဲထဲဝင်ဝင်ဆောက်ရွက်လာနိုင်ဖွယ်ရှိသည်။

ဒုတိယအချက်အနေဖြင့် သမ္မတရှီသည် အခြေခံအဆောက်အအုံနှင့်ဆက်သွယ်ရေးစီမံကိန်းများစွာအတွက် သတိပေးသည့်အနေဖြင့် မြန်မာသမ္မတကြီး ဦးဝင်းမြင့်ကို  မကြာသေးမီက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။ စီမံကိန်းအများစုမှာ တရုတ် ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာအထိ နယ်မြေတစ်လျှောက်အကောင်အထည်ဖော်သည့်လုပ်ငန်းများဖြစ်ပြီး အဆိုပါစီမံကိန်းများကို မြန်ဆန်စွာလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

တတိယအချက်အနေဖြင့် တရုတ်သည် တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရန်လိုအပ်သော တရုတ်၌မြစ်ဖျားခံသည့် precursor ဓာတုပစ္စည်းများနှင့် ပတ်သက်ပြီး ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးကုန်သွယ်မှုကို ထိန်းချုပ်နိုင် ရန် ၎င်း၏ဩဇာအာဏာကို သုံးကောင်းသုံးနိုင်ပေသည်။

မြန်မာ-တရုတ်ဆက်ဆံရေး

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မြန်မာသည် မြောက်ပိုင်းအိမ်နီးချင်း တရုတ်နှင့် အခြေအနေမကောင်းသောဆက်ဆံရေးအဖြစ်သို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားပေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်ုပ်တို့ကို သင်ပေးလိုက်သောအရာမှာ  မျှော်လင့်မထားသောအရာကို မျှော်မှန်းထားရန်ပင်ဖြစ်သည်။ သို့သော်လည်း တရုတ်က ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ ကူညီရန် လက်တို့လာသည်အချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အနေဖြင့် အခွင့်အရေးကိုသာမဟုတ်ဘဲ ရေရှည်အန္တရာယ်များအထိပါ မျက်ခြေမပျက်စောင့်ကြည့်လိမ့်မည်ဟု မျှော်လင့်ရသည်။

( ပြင်ပ ဆောင်းပါးရှင်တစ်ဦးရေးသားထားသော ဤထင်မြင်ချက်သည် မဇ္ဈိမ၏အာဘော်မဟုတ်ကြောင်း သိစေအပ်ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly