TikTok က လန်ဒန်တွင် ရုံးဌာနချုပ် အခြေစိုက်ရန် စဉ်းစားနေ

TikTok က လန်ဒန်တွင် ရုံးဌာနချုပ် အခြေစိုက်ရန် စဉ်းစားနေ

ဇူလိုင် ၁၉

နာမည်ကျော် ဗီဒီယိုဝေမျှမှု အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် TikTok က ယင်း၏ ရုံးဌာနချုပ်ကို လန်ဒန်တွင် အခြေစိုက်ရန်အတွက် ပြီးခဲ့သည့်လအနည်းငယ်အတွင်း ယူကေအစိုးရနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့ ကြောင်း ယင်းကိစ္စနှင့် အကျွမ်းတဝင် ရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းသည် TikTok အနေဖြင့် တရုတ် ပိုင်ဆိုင်မှုကနေ ကင်းကွာနေစေရန် ရည်ရွယ်သည့် မဟာဗျူဟာတစ်ရပ်၏ တစိတ်တဒေသလည်းဖြစ်သည်။

ရုံးဌာနချုပ် အခြေစိုက်နေရာအတွက် ကုမ္ပဏီက စဉ်းစားနေသည့် နေရာအချို့တွင် လန်ဒန်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချမှတ်ရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

TikTok အနေဖြင့် ယခုနှစ်အတွင်း ကယ်လီဖိုးနီးယားတွင် အမှုထမ်းဝန်ထမ်း ငှားရမ်းခန့်ထားမှုများကို တက်တက်ကြွကြွလုပ်ဆောင်ထားခဲ့ပြီး ယင်းတွင် Walt Disney Co အမှုဆောင်ဟောင်း Kevin Mayer ကို ငှားရမ်းပြီး ယင်း၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ထားမှုလည်း ပါဝင်နေသည်။  Kevin သည် အမေရိကန်တွင် အခြေချသူဖြစ်သည်။

တရုတ်အစိုးရက ယင်းကုမ္ပဏီအပေါ် user data (အသုံးပြုသူအချက်အလက်) များ လွှဲပြောင်းပေးရေး ဖိအားပေးနိုင်သလား ဆိုသည့် သံသယများနှင့်ပတ်သက်၍ TikTok သည် ဝါရှင်တန်တွင် စေ့စေ့စပ်စပ် စစ်ဆေးမှုနှင့် ရင်ဆိုင်နေရသည်။

TikTok ကို တရုတ်အခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။

ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်ရှိ ယင်း၏ ကိစ္စရပ်များအပေါ် ကြီးကြီးမားမား အာရုံစိုက်နေခဲ့သော်လည်း လန်ဒန်ကို ယင်း၏ ရုံးဌာနချုပ်သစ်အတွက် ဖြစ်နိုင်ခြေ တည်နေရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားလျက် ရှိကြောင်း သတင်းရင်းမြစ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly