တစ်ပွဲကစားဖို့အလိုမှာ ၃၄ ကြိမ်မြောက် လာလီဂါဖလားကို ရယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

တစ်ပွဲကစားဖို့အလိုမှာ ၃၄ ကြိမ်မြောက် လာလီဂါဖလားကို ရယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်
Photos: EPA

ဗီလာရီးယဲလ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဘန်ဇီမာက နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် လက်ကျန်တစ်ပွဲအလိုမှာ ရီးယဲလ်မက်ဒရစ်တို့ဟာ ကြာသပတေးနေ့က သူတို့ရဲ့ ၃၄ ကြိမ်မြောက် လာလီဂါချန်ပီယံဆုကို ရယူခဲ့ပါတယ်။

အဲဖရက်ဒို ဒီစတီဖာနိုကွင်းမှာ ဘန်ဇီမာရဲ့ ဒုတိယပိုင်း ပင်နယ်တီဂိုးအပါအဝင် သွင်းဂိုး နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် မက်ဒရစ်ဟာ ဘာစီလိုနာရဲ့ နှစ်နှစ်ကြာ ဆုပ်ကိုင်ထားတဲ့ လိဂ်ဖလားကို အဆုံးသတ်ပေးဖို့ ၇ မှတ်ဖြတ်လိုက်ပါတယ်။

ဘာကာဟာ အိမ်ကွင်းမှာ အိုဆာဆူနာအသင်းကို အနိုင်ယူပြီး မက်ဒရစ်ဟာ ခြေချော်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း နူးကမ့်မှာ ပြိုင်ဘက်ကို ၂-၁ ဂိုးနဲ့ အရှုံးပေးခဲ့ရမှုနဲ့အတူ သူတို့ရဲ့ ခပ်ရေးရေးစိန်ခေါ်မှုဟာလည်း အဆုံးသတ်ခဲ့ပါတယ်။

လာလီဂါပြန်လည်စတင်တဲ့ ဇွန် ၁၁ ရက်နောက်ပိုင်း မက်ဒရစ်ဟာ ပုံစံကောင်း တောက်လျှောက်ပြနိုင်ခဲ့တဲ့နောက် ၁၂ နှစ်အတွင်း သူတို့ရဲ့ တတိယမြောက် လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ဇီနဒင်း ဇီဒန်းရဲ့ အသင်းဟာ လိဂ်ပြန်လည်စတင်ပြီးနောက်ပိုင်း ၁၀ ပွဲကစားရာ ၁၀ ပွဲစလုံး နိုင်ခဲ့ပါပြီး ပေးဂိုး ၄ ဂိုးသာရှိခဲ့ပါတယ်။

"ကျနော့်အတွက်တော့ ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်နည်းပြဘဝမှာ အကောင်းဆုံးနေ့ရက်တွေထဲက တစ်ရက်ပါ။"လို့ ဇီဒန်းက ပြောပါတယ်။ "lockdown ပြီးနောက်မှာ အရာအားလုံးကို အံ့သြသွားစေပါတယ်။"

"ဒီဖလားက ဘယ်အရာထက်မဆို ပိုကောင်းပါတယ်။ လာလီဂါဖလားကို ရယူဖို့ တော်တော်လေး ကြိုးစားအားထုတ်ရတယ်။ ပွဲစဉ် ၃၈ ပွဲစလုံးပြီးတဲ့နောက်မှာ တခြားအသင်းတွေထက် ခင်ဗျားဟာ ရမှတ်တွေ ပိုရတယ်။ ဒါဟာ အရမ်းအရမ်းကို ကောင်းမွန်လှပါတယ်။"

မက်ဒရစ်ဟာ ဒီကာလအတွင်းမှာ ပင်နယ်တီ ၅ လုံးအထိ ရရှိခဲ့ရာမှာ အဲဒီထဲက အချို့က အငြင်းပွားဖွယ်ရရှိခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ရာမို့စ်က ပင်နယ်တီကို ခြေထောက်နဲ့ ထိရုံထိပြီး လှိမ့်ပေးလိုက်ရာ နောက်ကနေ ပြေးဝင်လာတဲ့ ဘန်ဇီမာက ဝီစီမမှုတ်ခင်မှာပဲ ဂိုးဧရိယာထဲကို ပြေးဝင်လာခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သူ့ရဲ့ ကန်သွင်းမှုကို ဂိုးအဖြစ်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ဗီလာရီးယဲလ်အသင်းရဲ့ စောဒကတက်ခဲ့တာကြောင့်လည်း မက်ဒရစ်ဟာ ပြန်ကန်ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ ဘန်ဇီမာက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။

"ကျနော်တို့ ပြီးမြောက်အောင်လုပ်ဆောင်ခဲ့သမျှ အလုပ်တွေအားလုံးအတွက် ဆုတစ်ခုပါ။ ဒါက ပေးအပ်ခံရတဲ့ ဆုတစ်ခုပါပဲ။"လို့ ရာမို့စ်က ပြောပါတယ်။ "ကျနော်တို့ နောက်ထပ်တစ်ပွဲကစားဖို့ရှိတယ်။ ၁၁ ပွဲလုံးကို ကျနော်တို့ အနိုင်ရချင်တယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly