TikTok ၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်နိုင်မှုကို ထရမ့် အစိုးရ လေ့လာနေ

TikTok ၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်နိုင်မှုကို ထရမ့် အစိုးရ လေ့လာနေ

ဇူလိုင် ၁၆

TikTok နှင့် WeChat အပါအဝင် လူမှုမီဒီယာ အက်ပရီကေးရှင်းများ၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်နိုင်မှုကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက လေ့လာနေကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ထိုသို့ လေ့လာသုံးသပ်ပြီး လာမည့် သီတင်းပတ်များအတွင်း အရေးယူ သွားရန်ရှိသည်ဟု အိမ်ဖြူတော် အရာရှိချုပ် မတ်မဲဒိုးက ဂျော်ဂျီယာမှ ဝါရှင်တန်သို့ သွားရောက်ချိန်၌ သတင်းထောက်များအား ပြောခဲ့ခြင်း ဖြစ်သည်။

“အစိုးရအဖွဲ့ထဲက အရာရှိတော်တော်များများက TikTok၊ WeChat နဲ့ အခြား အက်ပရီကေးရှင်းတွေနဲ့ ဆက်စပ်ပြီး အမျိုးသားလုံခြုံရေး ဘေးအန္တရာယ်အဖြစ် ရှုမြင်နေကြတယ်။ အထူးသဖြင့် ပြည်ပပြိုင်ဖက် တစ်နိုင်ငံက အမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းသွားနိုင်တဲ့ ဘေးအန္တရာယ်ကို သုံးသပ်နေတယ်။”ဟု မဲဒိုးက ဆိုသည်။

“ဒီကိစ္စရပ်အပေါ် အရေးယူမယ့် သတ်မှတ်ရက်ကိုတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် သီတင်းပတ်တွေ၊ လတွေအတွင်းမှာ ဖြစ်လာမယ်လို့တော့ ကျွန်တော် ပြောလိုတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

TikTok က ၎င်း၏ လုံခြုံရေး လိုက်နာမှုနှင့် ပတ်သက်ကာ ထုတ်ပြန်ချက်တစ်ရပ်၌ “မိမိတို့အနေနဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ အပြည့်အဝ အာမခံထားတာ ဖြစ်တယ်။”ဟု ဖော်ပြထားသည်။

“TikTok မှာ အမေရိကန် အမှုဆောင်အရာရှိချုပ်တစ်ဦး ခန့်ထားတယ်။ အမေရိကန်စစ်တပ်နဲ့ ဥပဒေရေးရာမှာ ဆယ်စုများစွာ အတွေ့အကြုံရှိတဲ့ သတင်းအချက်အလက် လုံခြုံရေးအရာရှိတစ်ဦးပဲ ဖြစ်တယ်။ အကောင်းဆုံး လုံခြုံရေး အခြေခံအဆောက်အအုံကိုလည်း ဖွဲ့စည်းထားတဲ့ အမေရိကန် အဖွဲ့တစ်ရပ်က တည်ဆောက်နေတယ်။”ဟု TikTok ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“TikTok အသုံးပြုသည့် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များကို ဗာဂျင်းနီးယားနှင့် စင်ကာပူတို့တွင် တင်းကျပ်သည့် ထိန်းချုပ်မှုအောက်၌ ထိန်းသိမ်းထားတယ်။ ဒါဟာ အချက်အလက်အမှန်ပဲ ဖြစ်တယ်။”ဟု ထို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခု အရေးနှင့် ပတ်သက်ကာ WeChat ပိုင်ရှင် Tencent က ထင်မြင်ချက်ပေးရန် တောင်းဆိုသည့်ကို ချက်ချင်း မတုံ့ပြန်သေးပေ။

ဟောင်ကောင်၏ လွတ်လပ်ခွင့်အား နှိပ်ကွပ်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်အား ကိုင်တွယ်ပုံနှင့် ပတ်သက်ကာ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှု မြင့်တက်နေချိန် တရုတ်က ByteDance Technology Co ပိုင်ဆိုင်သော ဗီဒီယိုတိုများ တင်သည့် ရေပန်းစားသော TikTok သည် ထရမ့်အစိုးရ၏ ဖိအားများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly