အယ်လ်ဘေးကွင်းမှာ စတင်မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲအချိန်ဇယား ထုတ်ပြန်ကြေညာ

အယ်လ်ဘေးကွင်းမှာ စတင်မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲအချိန်ဇယား ထုတ်ပြန်ကြေညာ
၂၀၂၂ ကမ္ဘာ့ဖလားအဖွင့်ပွဲ ကျင်းပမယ့် အယ်လ်ဘေးကွင်းကို မြင်ရစဉ်။ (Photo: EPA)

ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို Al Khor မြို့က အယ်လ်ဘေး အားကစားကွင်းမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ နောက်ဆုံးဗိုလ်လုပွဲကျင်းပမယ့် အချိန်ဇယားကို ထုတ်ပြန်ရင်း စီစဉ်သူတွေက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ဖီဖာနဲ့ ကာတာရဲ့ အကြီးအကဲကော်မတီတို့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဓာတ်ငွေ့ကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပရိသတ် ၆၀,၀၀၀ ဝင်ဆံ့တဲ့ ကွင်းမှာ ကမ္ဘာ့ဖလားကို စတင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးဗိုလ်လုပွဲကိုတော့ တစ်လနီးပါးခန့်အကြာ ဒီဇင်ဘာ ၁၈ ရက်မှာ ဒိုဟာမြို့က ပရိသတ် ၈၀,၀၀၀ ဆံ့ Lusail အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အုပ်စုပွဲစဉ်တွေကိုတော့ ကာတာနိုင်ငံတစ်ဝှမ်းက အားကစားကွင်း ၈ ကွင်းမှာ ဖြန့်ကျက်ပြီး တစ်ရက်ကို ၄ ပွဲနှုန်း၊ ၁၂ ရက်ကြာ ကစားရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကျင်းပမယ့် Lusail ကွင်း။ (Photo - AFP)

အုပ်စုပွဲစဉ်တွေဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာ စတင်မှာဖြစ်ပြီး ၃ နာရီခြားတစ်ပွဲကစားကာ ပွဲစဉ်နှောင်းပိုင်းတွေကိုတော့ ည ၁၀ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ဟာ တစ်ရက် နှစ်ပွဲနှုန်းနဲ့  ၄ ရက်ကြာကစားအပြီး နှစ်ရက်သာ ရပ်နားကာ ကွာတားနဲ့ ဆီမီးဖိုင်နယ်ကို စတင်မှာဖြစ်ပါတယ်။ ဒီအဆင့်နှစ်ခုလုံးကို နှစ်ရက်ကြာကစားရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲကို အာရှနဲ့ အာဖရိကမှာ စတင်ခဲ့ပေမယ့်လည်း ဥရောပ၊ အမေရိကနဲ့ သမုဒ္ဒရာဇုန်ပိုင်းတွေမှာတော့ မစရသေးပါဘူး။ ပြိုင်ပွဲစီစဉ်သူတွေက နောက်ဆုံးအုပ်စုမဲခွဲပွဲကို ၂၀၂၂ မတ်လ ခြေစစ်ပွဲတွေအပြီးမှာ ပြုလုပ်မှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အုပ်စုအဖွင့်ပွဲနဲ့ ဗိုလ်လုပွဲကျင်းပမယ့် အယ်လ်ဘေးနဲ့ Lusail အားကစားကွင်းနှစ်ခုလုံး ဆောက်လုပ်နေဆဲဖြစ်ပေမယ့် ရိုးရာတဲပုံစံ အယ်လ်ဘေးကွင်းကတော့ ပြီးစီးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly