နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း (အပိုင်း - ၄)

By လင်္ကျာဝင်း
15 July 2020
နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း (အပိုင်း - ၄)

၁၉၃၉ ခုနှစ်ရောက်တဲ့အခါ ဒုတိယကမ္ဘာစစ်ဖြစ်ပါတယ်။ မြန်မာပြည်ဟာလည်း စစ်ပွဲမှာ ပါဝင်ရပြီး ရုပ်ရှင်သမား အချို့လည်း အင်္ဂလိပ်နယ်ချဲ့ကို လက်ရုံးရည်နဲ့တိုက်ထုတ်တဲ့အထဲ ပါဝင်လာတာတွေ့ရတယ်။

တကယ်အရေးကြုံလာတဲ့အခါ အနုပညာနှလုံးရည်နဲ့သာမက စစ်မြေပြင်ထွက်ဝံ့တဲ့သတ္တိ ရုပ်ရှင်သမားတွေမှာ ရှိကြောင်းပြသလိုက်တာပါပဲ။ အေဝမ်းဦးတင်မောင်ဟာ ဘီအိုင်အေတပ်မှာ ဝင်ရောက်အမှုထမ်းခဲ့ပြီး ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တပ်မှာ ဗိုလ်လောင်း သင်တန်းသားတွေကို ဦးစီးရသူအဖြစ် တာဝန်ယူခဲ့ပါတယ်။

အေဝမ်းရုပ်ရှင်က သမိုင်းမှတ်တမ်းရိုက်ကူးနိုင်ခဲ့ပုံကို ဆရာအေးကြူလေးရဲ့ မြန်မာရုပ်ရှင် ငွေရတု သမိုင်းဝင် များစာအုပ်စာမျက်နှာ ၁၀၇ မှာ ခုလိုဖော်ပြထားတာတွေ့ရတယ်။

"ဂျပန်တပ်များ ယိုးဒယားမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်။ ဂျပန်တပ်များနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ရဲဘော်သုံးကျိပ်နှင့် ဘီအိုင်အေ လွတ်လပ်ရေး ဗမာ့တပ်မတော်ကပါ နယ်ချဲ့တပ်များကို နှိမ်နင်း၍ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်သည်။ ရုပ်ရှင်အဖွဲ့သားများသည် အင်္ဂလိပ်ကို တိုက်ထုတ်ပုံများကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တပ်ဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိစဉ် အေဝမ်းဖလင်မှ သရုပ်ဆောင် ဒါရိုက်တာ ဦးတင်မောင်နှင့် ဓာတ်ပုံဆရာ ဦးလှမောင်(ခေါ်) သာဂေါင်ကြီးတို့ ကင်မရာ အပြည့်အစုံနှင့် တပ်ဖွဲ့ချီတက်ရာ လိုက်ပါသွားသည်။ လမ်းတလျှောက် တိုက်ပွဲဖြစ်ပွားပုံများကို မှတ်တမ်းတင် ရိုက်ကူးနိုင်သည်။"

ဒီအကြောင်းကို ဆရာအလင်းဆက် (IR) ပြုစုတဲ့ ပဲရော့ဦးဆန်နီစာအုပ် စာမျက်နှာ ၁၇၅ နဲ့ ၁၇၆ မှာ အောက်ပါအတိုင်းရေးထားတယ်။

"ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ကြောင်းသည် ရန်ကုန်မြို့မှ အထက်မြန်မာနိုင်ငံသို့ ချီတက်ရာတွင် စစ်ကြောင်းနဲ့အတူ မြန်မာအဆွေ အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင် နှင့် ဓာတ်ပုံဆရာဦးလှမောင်(ဟာသသရုပ်ဆောင် ဦးသာဂေါင်)တို့က လိုက်ပါသွားကြပြီး လမ်းခရီးတစ်လျှောက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်က ငြိမ်ဝပ်ပိပြားရေးနှင့် တရားဉပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ပုံ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပုံ၊ ပြည်သူတို့၏ အသက်အိုးအိမ်လုံခြုံမှုကို နှောက်ယှက်နေသူတို့အား ပညာပေးပုံတို့ အပြင် ရွှေတောင်ဝန်းကျင်တိုက်ပွဲများတွင် ဗြိတိသျှစစ်တပ်မှ ပျက်စီးကျန်ရစ်သည့် သံချပ်ကာကားများ၊ တင့်ကားများနှင့် စစ်သုံးယန္တရားများကို မှတ်တမ်းတင်နိုင်ခဲ့သည်။ မြန်မာအဆွေ အေဝမ်းဖလင်၏ ကြိုးပမ်းမှုအနုပညာကား သမိုင်းတန်ဖိုးရှိလှပေသည်။"

ဆရာအေးကြူလေးနဲ့ ဆရာအလင်းဆက် (IR) တို့နှစ်ယောက်တင်ပြချက်နှစ်ခုမှာ တူသလိုလိုနဲ့ ကွဲနေသလားလို့ ကျွန်တော်ထင်မိတဲ့ အချက်တစ်ချက်ရှိတယ်။ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာပြည်ရဲ့ အဆောဆုံး စစ်သတင်းမှတ်တမ်းကားနဲ့ ပတ်သက်ရင် ရှင်းရှင်းလင်းလင်းရှိသင့်တယ်ထင်လို့ပါ။ ဆရာအေးကြူလေးက လမ်းတစ်လျှောက်တိုက်ပွဲဖြစ်ပွားပုံများကို မှတ်တမ်းတင်ရိုက်ကူးနိုင်တယ်လို့ ရေးခဲ့တယ်။ အဲ့ဒါအတိအကျဆိုရင် ဗမာြပည်ရဲ့ အစောဆုံးစစ်သတင်းကားဟာ အေဝမ်းရုပ်ရှင်က ဆရာဦးတင်မောင်နဲ့ ဦးလှမောင်တို့ ရိုက်ခဲ့တာလို့ပဲ မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

ဆရာအလင်းဆက်(IR)ရေးတာမှာတော့ တိုက်ပွဲ(စစ်ပွဲ) တွေကိုရိုက်ကူးနိုင်ခဲ့တယ်ဆိုတဲ့သဘောမပါဘူး။ ဒီပြင်ဟာတွေရိုက်ကူးနိုင်ခဲ့တယ်ဆိုတာမျိုးပဲတွေ့ရတယ်။စစ်ပွဲသတင်းရိုက်ကူးနိုင်ခဲ့တာကို ရေးဖို့ကျန်သွားတာမျိုး လည်းဖြစ်နိုင်ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းပညာရှင်များ၊ ရုပ်ရှင်အနုပညာသမားများ ဖြည့်စွက်ဆွေးနွေးထောက်ပြ ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

၁၉၄၃ ခုနှစ် မတ်လ ၁၁ ရက်မှာ အဓိပတိဒေါက်တာဘမော်ဦးဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ ဂျပန်ပြည်ကို သွားပါတယ်။ ဗမာ့လွတ်လပ်ရေးကိစ္စဆွေးနွေးဖို့အတွက် ဂျပန်အစိုးရက ဖိတ်တာပါ။ တိုကျိုမှာ ဂျပန်ဧကရာဇ်က ဗမာခေါင်းဆောင်တွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်တဲ့ပွဲကို ဂျပန်အစိုးရက မှတ်တမ်းရုပ်ရှင် ရိုက်ကူးပြီး ဗမာပြည်မှာ ဖြန့်ချီပြသဖို့ ပို့ပေးလိုက်ပါတယ်။

အဲ့ဒီမှတ်တမ်းရဲ့ နောက်ဆက်တွဲကိုတော့ ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်)က တာဝန်ယူရိုက်ကူးပြီး ဓာတ်ပုံဆရာကတော့ ဆရာဦးလှမောင်(သာဂေါင်ကြီး) ပဲဖြစ်ပါတယ်။ ဗမာကိုယ်စားလှယ်အဖွဲ့ ဂျပန်ပြည်က ပြန်လာ တာကို ပြည်သူတွေကြိုဆိုကြပုံနဲ့ အဓိပတိဒေါက်တာ ဘမော်အစိုးရ လုပ်ငန်းဆောင်တာ ထမ်းရွက်ကြပုံတွေကို ရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖလင်ကို ဂျပန်စစ်ဘက်က မှာယူပေးပြီး ပေလေးထောင်ရှည်တဲ့ လေးပိုင်းရှည် မှတ်တမ်းတင်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

 ဗမာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆူဘက်ချန္ဒာဘို့စ် တို့နှစ်ယောက် အောင်ဆန်းအားကစားပြိုင်ကွင်း (ယခင် ဘီအေအေကွင်း) ဘီအိုင်အေ တပ်မတော်ကို ကြည့်ရှုစစ်ဆေးပုံကိုလည်း အေဝမ်းရုပ်ရှင်ကပဲ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။

သူတို့ခေတ်သူတို့အခါက ပင်ပန်းကြီးစွာ အားထုတ်လုံ့လပြု ရိုက်ကူးခဲ့ကြတဲ့ သမိုင်းဝင် သတင်းမှတ်တမ်းရုပ်ရှင်တွေ အကြောင်းအမျိုးမျိုးနဲ့ ကွယ်ပျောက်သွားခဲ့ရတာဟာလည်း အလွန်ဝမ်းနည်းစရာ ကောင်းလှပါတယ်။
ဂျပန်ခေတ်မှာ ရုပ်ရှင်သမားတွေဟာ ရုပ်ရှင်လုပ်ငန်းကို ချက်ချင်းပြန်မလုပ်နိုင်ကြသေးပါဘူး။ စစ်ပြီးစ ရန်ကုန်ဟာ ပြာပုံထဲက ကုန်းရုန်းထနေရတုန်း။ အနယ်နယ်က စစ်ပြေးတွေလည်း ရန်ကုန်ကို တဖွဲဖွဲပြန်ဝင်နေကြတုန်းဆိုတော့ ရုပ်ရှင်ကို အချိန်မယူရဘဲ ဝန်ကျဉ်းတဲ့ ပြဇာတ်ဘက်ကို ရုပ်ရှင် အနုပညာသည်တွေ ခြေဦးလှည့်ခဲ့ကြတယ်။

နယ်ချဲ့အင်္ဂလိပ်ပြေးပြီးစ၊ ဂျပန်ဖက်ဆစ်ဗီဇလည်း သေခြာမပြေသေးတဲ့အချိန်ဆိုတော့ ဗမာတွေ အားရရွင်လန်းနေကြတယ်။ တင်ဆက်ကပြကြတဲ့ ပြဇာတ်တွေထဲမှာ ဘီအိုင်အေနဲ့ ဂျပန်တပ်တွေ လက်တွဲပြီး အင်္ဂလိပ်ကို တိုက်ထုတ်ပစ်တဲ့ ဇာတ်ဝင်ခန်းတွေပါသလို အမျိုးသားရေးကို လှုံ့ဆော်အားပေးတဲ့ ဇာတ်ကွက်တွေ ပါကြောင်းကိုလည်း လေ့လာဖတ်ရှုရပါတယ်။

အဲ့ဒီလို နိုင်ငံရေးနဲ့ နှီးနွှယ်နေတဲ့ ပြဇာတ်အချို့ကတော့ ဤကမ္ဘာကြီးမှာ၊ ဗမာသွေးခဲ၊ တကယ့်စစ်သား၊ ဗမာသစ်၊ ဘာအရေးအကြီးဆုံးလဲ၊ အာဇာနည်မိခင်၊ စာဆိုတော်နဲ့ မျိုးချစ် မျိုးနှစ် တို့ဖြစ်ကြပါတယ်။

ဤစစ်ကြီးမှာ ပြဇာတ်ထဲပါဝင်တဲ့ ဇာတ်ဝင်စစ်ချီတေး တစ်ပုဒ်ဟာဆိုရင် ဒီနေ့အထိ တပ်မတော်စစ်ချီတေး တစ်ပုဒ်အဖြစ် တင်ကျန်ရစ်ပါတယ်။ ဗမာအမျိုးသားတိုင်းလိုလိုလည်း အလွတ်မရသည့်တိုင် နည်းနည်းလောက်ဖြစ်ဖြစ် လိုက်ပါဆိုညည်းဖူးတဲ့ သီချင်းဖြစ်မှာပါ။ ရေးစပ်သီကုံးသူ ဆရာရွှေတိုင်ညွန့်ဖြစ်ပြီး သီချင်းက တို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီနဲ့ အစချီပါတယ်။

  • "တို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ
  • ဒို့ရဲဘော်များအားလုံးညီညီ သက်စွန့်ကာတိုက်မည်
  • မျိုးရိုးနဲ့ရာဇဝင်မော်ကွန်းတည် သူရဲကောင်းများ ထွန်းကားသည်......."
  • သီချင်းစာသားပါ သူရဲကောင်းများထွန်းကားသည်ဆိုရင် ဒီဖက်ခေတ်တပ်မတော် အကျိုးပြုရုပ်သံဇာတ်လမ်း တစ်ပုဒ်ရဲ့ ခေါင်းစဉ်တောင်ဖြစ်လာခဲ့ပါတယ်။

ဂျပန်တွေ ဇာတိရုပ်လုံးပေါ်လာတဲ့ ၁၉၄၄ ခုနှစ်လောက်မှာတော့ ဖက်ဆစ်ဆန့်ကျင်ရေး ပြဇာတ်တစ်ပုဒ်ကို စာရေးဆရာအသင်းက ကြီးမှူးကာ စင်တင်ကပြခဲ့ပါတယ်။ (အဲဒီခေတ်က ရုပ်ရှင်လောကနဲ့ စာပေလောကဆိုတာ အတော့ကို ယှက်နွယ်မှုရှိခဲ့ပါတယ်။) ဖက်ဆစ်ဒဏ်ခံရလို့ ခံပြင်းနာကြည်းနေတဲ့ ပြည်သူလူထုကို ဇာတိသွေး ဇာတိမာန်သွယ်ဝှိုက်လှုံ့ဆော်ပေးတဲ့ ဝိဇယ ပြဇာတ်ပဲဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်၊ နတ်တောလဆန်း ၁ ရက် (စာဆိုတော်နေ့)မှာ အသုံးတော်ခံခဲ့တာပါ။

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးမှာ အနုပညာစွမ်းရည်နဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဂျပန်ခေတ်မှာ ကြွေလွင့်သွားရရှာတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးတစ်ယောက်အကြောင်း အလျဉ်းသင့်သလို ဒီနေရာမှာတင်ပြပါရစေ။

စာရေးဆရာ ဗန်းမော်တင်အောင်ကို စာရေးဆရာ ဒါရိုက်တာ ဦးသုခက ရုပ်ရှင်မင်းသားလုပ်ဖို့ ကမ်းလှမ်းတဲ့အကြောင်းက အတော်များများ သိပြီးသားပါ။ ဆရာဗန်းမော်တင်အောင် ငြင်းလိုက်တယ်ဆိုတာလည်း တိုင်းသိပြည်သိပါ။ ဒါပေမယ့် လူသိနည်းတဲ့ကိစ္စတစ်ခုရှိပါတယ်။ ဆရာဗန်းမော်တင်အောင် မင်းသားလုပ်မှာကို မလိုလားသူ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဘာ့ကြောင့်ဆရာဗန်းမော်ကို မင်းသားမလုပ်စေချင် ကြောင်းရုပ်ရှင်ကုမ္ပဏီပိုင်ရှင်က ပြန်ပြောပြတဲ့အခါမှာ (ကျွန်တော်အထက်က ပြောခဲ့တဲ့ ) နယ်ချဲ့ဆန့်ကျင်ရေး မင်းသားကြီးအကြောင်းပါလာခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို(၂၈.၁၀.၁၄) ထုတ်ဒီလှိုင်းဂျာနယ်မှာ ဆရာမုံရွာအောင်ရှင်က လျှပ်တစ်ပြက်၊ ဆေးစက်လင်းယုန်ဆရာဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၄၁ နှစ်မြောက်အမှတ်တရဆိုတဲ့အမည်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ ဆရာဗန်းမော်ကို မင်းသားကမ်းလှမ်းတဲ့သတင်း ဗြိတိသျှဘာမားရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးညွန့် ကြားတော့ ရှုမဝဦးကျော်ဆီဖုန်းဆက်ပြီး ကိုတင်အောင်လာရင် သူ့ဆီဖုန်းဆက်ပေးဖို့ မှာထားပါတယ်။ ဆရာဗန်းမော် ဦးကျော်ဆီရောက်လို့ ဦးညွန့်ကို ဖုန်းဆက်လိုက်တဲ့အခါ ဦးညွန့်က ဆရာဗန်းမော်ကို မင်းသား တကယ်လုပ်၊ မလုပ် သေချာအောင်မေးပါတယ်။ ဆရာဗန်းမော်က လုံးဝလုပ်မှာမဟုတ်ကြောင်းပြောတဲ့အခါ ဦးညွန့်အလွန်ဝမ်းသာသွားပါတယ်။ ဗြိတိသျှဘာမားဦးညွန့်ပြန်ပြောတဲ့ စကားတွေကို ဆရာ မုံရွာအောင်ရှင် ဆောင်းပါးမှာပါတဲ့အတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

"ထိုအခါမှ ဦးညွန့်က အသက်ပြင်းရှည်ကြီးချပြီး .. တကယ်ပြောတာနော်ကိုတင်အောင်၊ ကျွန်တော် ဝမ်းသာလိုက်တာဗျာ၊ ဝမ်းသာလိုက်တာ.. ဟု အားရဝမ်းသာပြောသည်။ တဆက်တည်း ကျနော့ဘဝမှာ ခွင့်မလွှတ်နိုင်တဲ့ နောင်တတစ်ခု ရခဲ့ဖူးပါတယ် ဟုဆိုရင်း အမျိုးသား လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့သူ မျိုးချစ်စိတ်ရှိသူ ဇာတိမာန်သီချင်းများ အဆိုကောင်းသူ ရည်မွန်သည့်လူတော်တစ်ဦးအား ရုပ်ရှင်လောကထဲသို့ ဆွဲခေါ်မိကြောင်း၊ ထိုလူငယ်မှာ ကျော်ကြားမှုနှင့် သာယာမှုဒဏ်ကို မခံနိုင်ဘဲ နောက်ဆုံးဘဝပျက်ပြီးဆုံးပါးရသည့် အဖြစ်သို့ရောက်ခဲ့ရကြောင်း၊ မိမိမှာတာဝန်ရှိကြောင်း၊ ကိုတင်အောင်ကိုလည်း ဒီလိုအဖြစ်မျိုးဖြစ်သွားမှာစိုးရိမ်ကြောင်း ဝမ်းနည်းဆို့နင့်စွာ ပြောခဲပါသည်။"

ဒီလောက်ဆိုရင် အဲဒီမျိုးချစ်မင်းသားကြီး ဘယ်သူလဲဆိုတာ ရုပ်ရှင်ဝါသနာအိုးများ ရိပ်မိကြမှာပါ။ မူလဆောင်းပါးရေးသူက မင်းသားကြီးအမည်ကို ဖော်ပြစေချင်ပုံမရတော့ ကျွန်တော်လည်း မဖော်ပြလိုတော့ပါဘူး။ ဗြိတိသျှဘားမားဦးညွန့်ဟာ မင်းသားကြီးအတွက် အတော်ခံစားခဲ့ရဟန်ရှိပါတယ်။ သူကစေတနာနဲ့ စင်တင်ခဲ့တာ ဖြစ်ပေမယ့် လမ်းလွဲကိုဆွဲခေါ်လိုက်သလို ဖြစ်သွားခဲ့တာမို့လား။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly