ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းတွင် COVID-19 ကူးစက်

ဇူလိုင် ၁၂

အိန္ဒိယ၏ အကောင်းဆုံး ရုပ်ရှင်ငွေကြယ်ပွင့်များမှ တစ်ဦးဖြစ်သည့် အမီတာဘဂျမ်းသည် သားဖြစ်သူ အက်ဘီရှက်ဘဂျမ်းနှင့်အတူ COVID-19 ကူစက်ဖြစ်ပွားကြောင်း ၎င်းတို့နှစ်ဦးက ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

နှစ်ဦးစလုံးသည် ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှု ခံယူလျက် ရှိသည်။

“ကျွန်တော်မှာ COVID-19 ကူးစက်ပါတယ်။ ကျွန်တော် ဆေးရုံကို သွားခဲ့တယ်။ ဆေးရုံက အာဏာပိုင်တွေကို အကြောင်းကြားပါတယ်။ မိသားစုတွေနဲ့ ဝန်ထမ်းတွေကိုလည်း စမ်းသပ်စစ်ဆေးနေပါတယ်။ အဖြေကို စောင့်နေတုန်းပါ။”ဟု အသက် ၇၇ နှစ်ရှိ အမီတာဘဂျမ်းက တွစ်တာမှာ ရေးသားသည်။

မိနစ်အတန်ကြာတွင် အသက် ၄၄ နှစ်ရှိ ၎င်း၏ သားဖြစ်သူ အက်ဘီရှက်ဘဂျမ်းကလည်း ၎င်းတွင်ပါ ကူးစက်ခံရသည်ကို တွစ်တာမှပင် ရေးသားလာခဲ့သည်။

“ကျွန်တော်တို့ နှစ်ဦးစလုံးမှာ အပျော့ရောဂါလက္ခဏာတွေပဲ ပြပါတယ်။ ဆေးရုံတက်ရောက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လိုအပ်သမျှ အာဏာပိုင်တွေဆီ အကြောင်းပြီးပါပြီ။ မိသားစုနဲ့ ဝန်ထမ်းတွေလည်း အားလုံး စမ်းသပ်စစ်ဆေးလျက် ရှိပါတယ်။”ဟု ၎င်းက ရေးသည်။

“ကျွန်တော် တောင်းဆိုချင်တာက အားလုံး စိတ်အေးအေး ထားကြဖို့နဲ့ မကြောက်ကြဖို့ပါပဲ။”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ဘောလိဝုဒ် သရုပ်ဆောင် သားအဖနှစ်ဦးစလုံးသည် အိန္ဒိယ၏ စီးပွားရေးနှင့် အနုပညာ အချက်အခြာဖြစ်သော မွမ်ဘိုင်းမြို့ရှိ နာနာဗာတီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျက် ရှိသည်။

အိန္ဒိယတစ်နိုင်ငံလုံးမှ ပရိသတ်များ၊ နိုင်ငံရေးသမားများ၊ သရုပ်ဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့နှစ်ဦး အရှင်းပျောက်ကင်းကာ မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာရန် ဆုတောင်းပေးကြသည်။

“ကျွန်တော် ဆုတောင်းနေပါ့မယ်။ ခင်ဗျားတို့ ပြန်လည်ကျန်းမာလာပြီး ဆေးရုံက ဆင်းတဲ့အထိ ကျွန်တော် အစာမစားပါ။”ဟု တွစ်တာတွင် ပရိသတ်တစ်ဦးက ရေးသားထားသည်။ အမီတာဘဂျမ်းအနေဖြင့် တွစ်တာ၌ ဖလော်ဝါပေါင်း ၄၃ သန်းကျော် ရှိထားသည်။

အိန္ဒိယနိုင်ငံတွင် တင်းကျပ်သည့် လော့ဒေါင်းချထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၈၂၀၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂၂၀၀၀ ကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly