COVID-19 နှင့် ခရီးသွားလုပ်ငန်းစီးပွားရေးအရ ခရီးသွားခြင်း၏ အနာဂတ် ဘာဖြစ်မည်လဲ

COVID-19 နှင့် ခရီးသွားလုပ်ငန်းစီးပွားရေးအရ ခရီးသွားခြင်း၏ အနာဂတ် ဘာဖြစ်မည်လဲ

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် COVID-19 က ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေသည်။ အားလပ်ရက် ခရီးသွားလာခြင်းများ ပြန်လည်အားကောင်းလာရေးအတွက် မူဝါဒချမှတ်သူများက ဖော်ဆောင်နေသောကြောင့် နှေးကွေးစွာ ပြန်လည်ဦးမော့သည့် လက္ခဏာများတော့ ရှိနေသည်။ သို့ရာတွင် စီးပွားရေးအရ ခရီးသွားခြင်းသည် တစ်ဖန်နိုးထရန် အချိန်ကြာမြင့်မည်ဖြစ်ပြီး ကပ်ဘေးမတိုင်မီက အဆင့်သို့ ပြန်ရောက်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။

တစ်ကမ္ဘာလုံးတွင် ခရီးသွားလုပ်ငန်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဆိုးဆိုးဝါးဝါး ခံစားနေရသည့် ကဏ္ဍပဲ ဖြစ်သည်။ ခရီးသွား ကန့်သတ်ချက်များနှင့် လော့ဒေါင်းလုပ်ငန်းစဉ်များက ယင်း ကဏ္ဍကို ထိထိရောက် ရောက် ပိတ်ချလိုက်သည်။

နိုင်ငံတကာ ခရီးသွားလာခြင်းများသည် ဧပြီလ၌ တစ်နှစ်ကထက် ၈၀ ရာခိုင်နှုန်း ကျဆင်းကြောင်း နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့အရ သိရသည်။ တစ်ချိန်တည်းတွင် OECD က ၂၀၂၀ ၌ အပြည်ပြည်ဆိုင် ရာ ဧည့်သည်များ ရောက်ရှိမှုသည် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

သို့သော် ခရီးသွားဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Tripadvisor က ခရီးသွားလိုလားချက်များက ခိုင်မာအားကောင်းနိုင်ခြေကို မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောသည်။ ဧပြီအစောပိုင်းမှ စတင်ပြီး ၎င်း၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရှာဖွေမှုများသည် သီတင်းတစ်ပတ်ထက် တစ်ပတ် မြင့်တက်နေပြီး တည်ငြိမ်မှု ရှိသည်ဟု ၎င်းက မကြာသေးမီက ကြေညာသည်။

ကမ္ဘာတစ်လွှားက နိုင်ငံများကလည်း ကိုရိုနာဗိုင်းရပ်စ် နောက်ပိုင်း ခရီးသွားလုပ်ငန်း မည်သို့ ဖြစ်မည်ကို စူးစမ်းသုံးသပ်လျက် ရှိသည်။

  • စမ်းသပ်ဖွင့်လှစ်ခြင်း

ခရီးသွားလုပ်ငန်းသည် အများစုသော ထွန်းသစ်စ စီးပွားရေးအတွက် အဓိကလုပ်ငန်းပဲ ဖြစ်သည်။ စေ့ဆော်မှုအစီအစဉ်အများစုက ယင်းကဏ္ဍကို တိုက်ရိုက်ပစ်မှတ်ထားသကဲ့သို့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေး အထောက်အပံ့များ ပေးခြင်းကဲ့သို့ အကျိုးစီးပွားများကိုလည်း ဖော်ဆောင်ထားသည်။

ဂျီဒီပီတွင် အရေးပါသော ဝင်ငွေကို ရရှိနေသည့် အီဂျစ်နိုင်ငံက သင့်တော်သော ဥပမာတစ်ရပ်အဖြစ် ရှိနေသည်။

လော့ဒေါင်းချပြီးနောက် အီဂျစ်အစိုးရသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများမှ ငွေကြေးပေးဆောင်မှုများကို ဆိုင်းငံ့ပေးခဲ့သည်။ ယငသ်းအပြင် အီဂျစ်ဗဟိုဘဏ်က ခရီးသွားလုပ်ငန်းများသို့ အတိုးနည်း ချေးငွေ ချထားပေးသည်။ အဓိကမှာ ယင်းကဏ္ဍမှ ဝန်ထမ်းများကို လစာဆက်လက်ပေးနိုင်ရေးအတွက် ဖြစ်သည်။ ထိုပြင် ခရီးသွားလုပ်ငန်းကဏ္ဍအား ထောက်မရန် ဘဏ္ဍာရေးလုပ်ငန်းစဉ်များကိုလည်း ဖော်ဆောင်ပေး ခဲ့သည်။

အခြေအနေများက တစ်ဖြည်းဖြည်း နှေးကွေးစွာ တိုးတက်လာခြင်းကြောင့် ထွန်းသစ်စ ဈေးကွက် တော်တော်များများမှ အစိုးရများက ၎င်းတို့၏ ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် လုပ်ငန်းစဉ်များ စတင်ဖော်ဆောင်  လာခဲ့ပြီ ဖြစ်သည်။

OBG ၏ အကြမ်းဖျင်း ဖော်ပြချက်တွင် ရှေ့ဆက်ဖော်ဆောင်မည်ဖြစ်သော လော့ဒေါင်းနှင့် ကန့်သတ်ချက်များ ပြန်ဖွင့်ခြင်း အဦးအစသည် ပြည်တွင်းခရီးသွားလုပ်ငန်းအပေါ် ပစ်မှတ်ထားသင့်သည်ဟု ဆိုသည်။ လက်ရှိတွင် ဗိုင်းရပ်စ်အား ပိုပြီးအောင်မြင်စွာ ထိန်းချုပ်ထားနိုင်သော နိုင်ငံများက နိုင်ငံတကာဧည့်သည်များ လက်ခံရန် မျှော်လင့်ချက် ထားလာပြီ ဖြစ်သည်။

ယင်းနှင့် အပြိုင် လေဆိပ်နှင့် လေကြောင်းလိုင်းများက လေယာဉ်ဖြင့် ခရီးသွားခြင်းမှ ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဘေးအန္တရာယ်များ လျှော့ချရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေသည်။ ယင်းတို့တွင် ဆက်သွယ်မှုမဲ့ နည်းပညာ၊ ပို၍ တစ်ဦးချင်းအား ဝန်ဆောင်မှု ပေးမှုများ၊ အကာအကွယ် အတားအဆီးများနှင့် ထိတွေ့မှုမဲ့ စက္ကရင်ဖတ်ခြင်း လုပ်ငန်းစဉ်များ အပါအဝင် ဖြစ်သည်။

တစ်ကိုယ်ရည် သန့်ရှင်းရေးစံများသည် ဆိုက်ရောက်နှင့် ဦးတည်ရာအရပ် နှစ်ရပ်စလုံးတွင် ခရီးသွားများအတွက် ထိပ်တန်းဦးစားပေး ဖြစ်လာမည် ဖြစ်သည်။

လက်ဆေးခြင်း၊ မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ အများပြည်သူ နေရာများတွင် မကြာခဏ ပိုးသတ်ဆေးဖျန်းခြင်း၊ ဧည့်သည်နှင့် ဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းခြင်း စသည်တို့ကို ခရီးသွားများရော၊ အာဏာပိုင်များကပါ လိုလိုလားလား တောင်းဆိုလာမည် ဖြစ်သည်။ ထိုသို့ ကျန်းမာရေးနှင့် ဘေးကင်းရေးကျင့်ဝတ်များကို မြန်မြန်ဆန်ဆန် ဖော်ဆောင်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားများ ပြန်စသည့်အခါတွင် အကျိုးအမြတ်များ ရရှိလာနိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်းကိုလည်း များများစားစား တိုးချဲ့သွားရမည် ဖြစ်သည်။ ဥပမာအနေဖြင့် ထို ဝန်ထမ်းများကို ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်အောင် လေ့ကျင်ပေးခြင်းသည် ခရီးသွားဈေးကွက်၏ အပြောင်းအလဲကို တုံ့ပြန်ရာ၌ ပို၍ စွမ်းဆောင်နိုင်စွမ်း ရှိစေမည်ဖြစ်သည်။

  • ထွန်းသစ်စ စီးပွားရေးများက အားလပ်ရက် ခရီးသွားခြင်းများ ပြန်လည်ဦးမော့အောင် ဦးတည်

လော့ဒေါင်း ဖြေလျှော့လာခြင်းကြောင့် ပိတ်လှောင်မှုမှ လွတ်လပ်လိုမှု ပြင်းပြသူများနှင့်အတူ နိုင်ငံတကာ ခရီးသွား လိုလားချက်များ တိုးများလာမည်ဟု မျှော်မှန်းရသည်။

ထို ခရီးသွားဧည့်သည်များအနေဖြင့် ၎င်းတို့ တတ်နိုင်သော၊ လက်သင့်ခံနိုင်သော ရွေးချယ်ခွင့်များကို ရှာဖွေလာမည်ဖြစ်ရာ များစွာသော ခရီးသွားများသည် အလုပ်သမားဥပဒေ ပို၍ ပြင်လွယ်ပြုလွယ်ရှိသော၊ ခရီးသွား လုပ်ငန်းက ဂျီဒီပီအတွက် အဓိက အရေးပါနေ၍ ဘေးကင်းလုံခြုံရေးကို အလေးထားကာ နိုင်ငံခြားဧည့်သည်များကို ကြိုဆိုကြမည့် ထွန်းသစ်စ စီးပွားရေးနိုင်ငံများသို့ ပို၍ ရွေးချယ်လာဖွယ်ရှိသည်။

အားတက်စရာ လက္ခဏာများလည်း ထွက်ပေါ်နေပြီ ဖြစ်သည်။ ဥပအနေဖြင့် Radisson ဟိုတယ်လုပ်ငန်းသည် အာဖရိကတွင် လုပ်ငန်းချဲ့ထွင်ခြင်းကို တုံ့ဆိုင်းရန် အစီအစဉ် မရှိကြောင်း မကြာသေးခင်က ကြေညာခဲ့သကဲ့သို့ မော်ရိုကို၊ အီဂျစ်၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကနိုင်ငံများကိုလည်း ဦးတည်ပစ်မှတ်ထားလာသည်။ ယင်း ဟိုတယ်လုပ်ငန်းက ယင်း ဒေသတွင် လက်ရှိ၌ ဟိုတယ်ပေါင်း ၁၀၀ အောက် ရှိထားပြီး ငါးနှစ်အတွင်း ၁၅၀ အထိ တည်ဆောက်နိုင်ရေး ရည်မှန်းချက် ထားထားသည်။

ထပ်လောင်း၍ အချို့သော ထွန်းသစ်စဈေးကွက်များသည် ဖြစ်လာနိုင်သော အပြောင်းအလဲတွင် ခရီးသွားများ၏ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ရေး ကောင်းစွာ ပြင်ဆင်ထားသည်။ ကပ်ဘေးနောက်ဆက်တွဲ၌ များစွာသော ခရီးသွားဧည့်သည်များက လူခွာနေခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည့် အခွင့်အရေးကို ရှာဖွေလာမည်ဖြစ်သည်။ ဥရောပတွင် ရေပန်းစားသော မြို့တွင်းသွားလာလည်ပတ်သည့် ခရီးသွားလာမှုက ကျေးလက်များသို့ သွားလာခြင်းနှင့် လဟာပြင်တွင် လည်ပတ်ခြင်းများကို အရှုံးပေးလိုက်ရဖွယ် ရှိသည်။

အပြင်ရှုခင်းများဖြင့် ယဉ်ကျေးမှုနေရာများသည် ပို၍ ရေပန်းစားလာရန် ရှိသည်။ အီဂျစ်က ယင်း အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရေး ကြိုးစားလာနေသည်။ လက်မှတ်ခများ လျှော့ရောင်းခြင်း၊ ဗီဇာစရိတ် လျှော့ချခြင်းတို့ဖြင့် ရှေးဟောင်းသုတေသန နယ်မြေများသို့ သွားလာလည်ပတ်ခြင်းများကို အားပေးမြှင့်တက်လျက် ရှိသည်။

  • စီးပွားရေးအရ ခရီးသွားမှု နှေးကွေး

ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ရေတိုကာလအတွင်း ပြန်လည်ဦးမော့ရန် မဖြစ်နိုင်သည့် အဓိကကဏ္ဍမှာ စီးပွားရေးအရ ခရီးသွားခြင်း ဖြစ်သည်။

ကပ်ဘေးကြောင့် အများစုသော လုပ်ငန်းများသည် တရားဝင် လုပ်ငန်းလည်ပတ်မှုများ ပြောင်းလဲရမည် ဖြစ်ကာ ထို ယာယီလုပ်ငန်းစဉ်များသည် အမြဲတမ်း မဟာဗျူဟာများတွင် ပါဝင်လာဖို့ ရှိသည်။

ဥပမာအနေဖြင့် ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်သည်ဟု ရှုမြင်ထားသော ကုမ္ပဏီများသည် ခရီးသွားကုန်ကျစရိတ်ကို မလိုအပ်သည့် အသုံးစရိတ်အဖြစ် ရှုမြင်လာဖွယ်ရှိသည်။

ညီလာခံများ၊ အခြားသော စီးပွားရေးနှင့် ဆက်စပ်သည့် အခမ်းအနားများသည် လူခွာနေခြင်း လိုအပ်ချက်ကြောင့် အနာဂတ်တစ်ချိန်အထိ ကျင်းပဖြစ်ရန် ခက်ခဲလာလိမ့်မည် ဖြစ်သည်။ အမှန်တကယ်လည်း COVID-19 ကြောင့် ကုန်သွယ်ရေးပြပွဲများ ၅၀၀ ခန့် ဖျက်သိမ်းခဲ့ရသဖြင့် အဝယ်အမှာ ဆုံးရှုံးမှုသည် ယူရိုငွေ ၂၃ ဘီလီယံ ရှိကြောင်း Global Association of the Exhibition Industry က ခန့်မှန်းထားခဲ့သည်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly