ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေများဖြင့် အရေးယူသွားမည်

ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေများဖြင့် အရေးယူသွားမည်
Photo Creadit - Thar Zaw

ဇူလိုင် ၁၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ ၁ဝ ရက်နေ့မနက်ပိုင်းက ဒေသခံထောင်ပေါင်းများစွာပါဝင်ဆန္ဒပြခဲ့သည့်အပေါ် ဆန္ဒပြပွဲဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၈)တို့ဖြင့် အဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Photo Creadit - Thar Zaw

ဆန္ဒပြပွဲဦးဆောင်သူ ၃ ဦးဖြစ်သည့် ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင်၊ ဦးဇောတိနှင့် ဦးအာလိယျတို့သည် ဒေသခံအင်အား နှစ်ထောင်ကျော်နှင့် ကျောက်မဲမြို့နယ်၊ လုံဝယ်ဘုန်းကြီးကျောင်းအနီးသို့ ယာဉ်မျိုးစုံ ၅ဝ စီးခန့်ဖြင့် ရောက်ရှိလာကာ ကျောက်မဲမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ခြင်းကြောင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇွန် ၂၉ ရက်နေ့မနက်ပိုင်းက  ပန်ကျဲန်ရွာတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်နှင့် ပစ်ခတ်မှုကြောင့် အသက် ၅၆ နှစ်အရွယ်   ဒေသခံအမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

အမှုမှန်ပေါ်ပေါက်ရန်နှင့် ကျူးလွန်သူများကို စစ်ဆေးအရေးယူပေးရန် ကျောက်မဲဒေသခံ ထောင်ပေါင်းများစွာက သောကြာနေ့ ဇူလိုင်လ ၁ဝ ရက်နေ့ မနက်အစောပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြသူများသည် နံနက် ၈ နာရီမှသည် ၁၀ နာရီခွဲအထိ ကျောက်မဲမြို့အပြင်မှ မြို့တွင်းဝင်ရောက်ကာ စီတန်းလှည့်လည်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly