ဇနီးဟောင်းကို ညှင်းပန်းနှိပ်စက်ခြင်းမရှိခဲ့ဟု တရားရုံး၌ ဂျွန်နီဒက်ပ် ထွက်ဆို

ဇနီးဟောင်းကို ညှင်းပန်းနှိပ်စက်ခြင်းမရှိခဲ့ဟု တရားရုံး၌ ဂျွန်နီဒက်ပ် ထွက်ဆို

ဇူလိုင် ၈

ဇနီးဟောင်းကိုညှင်းပန်းနှိပ်စက်မှုဖြင့်တရားရင်ဆိုင်နေသော ဟောလိဝုဒ်စတား ဂျွန်နီဒက်ပ်သည် အဆိုပါစွပ်စွဲချက်များက အလိမ်အညာများသာဖြစ်ပြီး ၎င်းကသာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း အင်္ဂါနေ့က လန်ဒန်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် Pirates of the Caribbean မင်းသားကြီး ဂျွန်နီဒက်သည် ၂၀၁၈ ဧပြီလထုတ် The Sun စာစောင်တွင်  ၎င်းအား အမှုဆောင်အယ်ဒီတာ Dan Wootton က ‘ဇနီးရိုက်နှက်သူ’ ဟု  ရေးသားသုံးနှုန်းခဲ့သည့်အတွက် အဆိုပါသတင်းဌာနနှင့် Wootton တို့ကိုလည်း တရားစွဲထားသည်။

အဆိုပါသတင်းဌာန၏ ရှေ့နေများကလည်း ဂျွန်နီဒက်ပ်သည် အရက်မူးစဉ် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲစဉ်၌  မင်းသမီး အမ်ဘာဟက်ဒ်အား ရိုက်နှက်ကြောင်းနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့သတင်းဌာနရေးသားချက်များမှန်ကန်မှုရှိကြောင်း ထုတ်ဖော်မည်ဟုပြောသည်။

သို့သော် ဂျွန်နီဒက်ပ်က အမ်ဘာဟက်ဒ်ကို မရိုက်နှက်ခဲ့ကြောင်းနှင့် သူ့ဘဝတွင် မည့်သည့်အမျိုးသမီးကိုမှ မနှိပ်စက်ခဲ့ကြောင်း သက်သေထွက်ဆိုခဲ့သည်။

ဂျွန်နီဒက်ပ်ရော ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ဒ်ပါ ဇူလိုင် ၇ ရက်က လန်ဒန်တရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ဂျွန်နီဒက်ပ်က တရားရုံး၌ ထွက်ဆိုရာတွင် သူသည် ဇနီးဟောင်း၏ တိုက်ခိုက်မှုများကို ခံခဲ့ရကြောင်း၊ ထိပ်တိုက်ပဋိပက္ခများမဖြစ်အောင် ရှောင်ရှားခဲ့ကြောင်း၊ အရက်ပုလင်းနှင့်လည်း ပစ်ပေါက်ခံခဲ့ရ၍ လက်ချောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သူ့ဇနီးဟောင်း သို့မဟုတ် သူမသူငယ်ချင်းတစ်ယောက်ယောက်က ၎င်းတို့အိပ်ရာပေါ်၌ မစင်စွန့်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

၎င်းတို့နှစ်ဦးသည် ‘The Rum Diary’ ရုပ်ရှင်ရိုက်ကူးရင်း ဆုံဆည်းခဲ့ကြပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ တွင်လက်ထပ်ခဲ့ကြသည်။ ၁၅ လအကြာတွင် အမ်ဘာဟက်ဒ်က ကွာရှင်းခွင့်လျှောက်ထားပြီးနောက် ၂၀၁၇ ခုနှစ်တွင် အပြီးသတ် ကွာရှင်းပြတ်စဲခဲ့ကြခြင်းဖြစ်သည်။

အမှုသည် ရက်သတ္တ သုံးပတ်ရင်ဆိုင်ရမည်ဖြစ်ကြောင်း တရားသူကြီး Andrew Nicol က ပြောသည်။ ဇနီးဟောင်း ဗက်နက်ဆာပါရာဒစ်နှင့် ရည်းစားဟောင်း မင်းသမီး ဝင်နိုနာရိုင်ဒါတို့ကလည်း ဗီဒီယိုမှတစ်ဆင့်  ဂျွန်နီဒက်ဘက်ကနေ သက်သေခံထွက်ဆိုပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly