ထိုင်းနိုင်ငံ ပတ္တာနီပြည်နယ် လမ်းမကြီးပေါ် ဗုံးလေးလုံးကွဲ

ထိုင်းနိုင်ငံ ပတ္တာနီပြည်နယ် လမ်းမကြီးပေါ် ဗုံးလေးလုံးကွဲ

ပတ္တာနီ၊ နိုဝင်ဘာ ၇ ။           ။ ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်းပြည်နယ် ပတ္တာနီ၏ လမ်းမကြီးပေါ် ဗုံးလေးလုံးပေါက်ကွဲခဲ့ပြီး တစ်ဦးမျှဒဏ်ရာမရရှိခဲ့ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာပိုင်များက ယင်းပြည်နယ်တွင် လုံခြုံရေးတိုးမြင့်ထားသည်။

နိုဝင်ဘာ ၆ ရက်နေ့၏ သန်းကောင်ယံကျော်ပြီး မကြာမီ မောင်းခရိုင်ရှိ Sky Living Place ၏ရှေ့တွင် မော်တော်ဆိုင်ကယ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ဗုံးကို ဆီတိုင်ကီတွင် ဝှက်ထားခဲ့ပြီး မိုဘိုင်းဖုန်းကနေ ဖောက်ခွဲခဲ့သည်။ အခင်းဖြစ်ရာနေရာတွင် စတီးချောင်းအပိုင်းအစများ၊ မိုဘိုင်းဖုန်းတစ်လုံး၊ ဆက်သွယ်ရေးရေဒီယိုတစ်လုံး၊ သေးငယ်သောဘက်ထရီများနှင့် ဆားကစ်အစိတ်အပိုင်းများက လုံခြုံရေးအရာရှိများက တွေ့ရှိခဲ့သည်။

ဆိုင်ကယ်မှာ လုံးဝပျက်စီးသွားခဲ့ပြီး မည်သူ့ဆိုင်ကယ်ဖြစ်သည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ အစောပိုင်းက ယင်းနေရာနှင့် ငါးမီတာအကွာတွင် အခြားသေးငယ်သော ဗုံးသုံးလုံးလည်း ပေါက်ကွဲခဲ့သည်။ ၎င်းဗုံးများကို Nong Gift ဆိုင်၏ မျက်နှာချင်းဆိုင်နှင့် ရှေ့ လျပ်စစ်မီးတိုင်များအနီး ထောင်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင်လည်း အလားတူအစိတ်အပိုင်းများကို အရာရှိများက တွေ့ရှိခဲ့သည်။

အရာရှိများကို ဖျားယောင်းရန်အတွက် ပိုမိုသေးငယ်သော ဗုံးများကို အရင်ဖောက်ခွဲခဲ့ပြီး နောက်မှ ပိုမိုအပျက်အစီးများရန် ဆိုင်ကယ်ဗုံးကို ခွဲခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယုံကြည်သည်။

သို့သော်လည်း အာဏာပိုင်များက ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ပြီး ပျက်စီးမှုကို ရှောင်ရှားရန် စီမံခန့်ခွဲနိုင်ခဲ့သည်။ ပတ္တာနီ၏ မောင်းခရိုင်သို့ သွားရာ လမ်းမကြီးပေါ် ဗုံးကွဲမှုများဖြစ်ပွားပြီးကတည်းက အလားတူအဖြစ်မျိုးမဖြစ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာဉ်အားလုံးကို စစ်ဆေးရန် စီစဉ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly