လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Zon Aung

လူတိုင်းကတော့ လှချင်တတ်ကြတာပါပဲ။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ လှချင်တဲ့အခါ လှအောင် အမျိုးမျိုး အဖုံဖုံကြိုးစားကြတော့တာပါပဲ။

ဒီလိုပြုလုပ်တဲ့အခါ တစ်ခါတစ်ရံမှာ အပြုအမူမှားတွေဖြစ်နေတတ်ပါတယ်။ ဘယ်လို အပြုအမူမျိုးတွေက အပြုအမူမှားတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လှချင်လို့မှားကြတာတွေ

  • အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ – လှချင်ပချင်တာကြောင့် အလှကုန်ပစ္စည်းတွေကို အလွန်အမင်းအသုံးပြုတဲ့အခါမှာ မျက်နှာပေါ် ဓာတုဗေဒပစ္စည်းတွေ စုတင်နေသလိုဖြစ်နေတတ်ပါတယ်။ ဝက်ခြံပိုထွက်တာမျိုး၊ ထိခိုက်ရှနာဖြစ်လွယ်တာမျိုးတွေ ပိုဖြစ်လာမှာပါ။
  • ဆပ်ပြာမတိုက်သင့်တဲ့နေရာတွေကို ဆပ်ပြာအလွန်အကျွံတိုက်မိနေတာ – အမျိုးသား လိင်အင်္ဂါ၊ မိန်းမကိုယ်စတာတွေလိုမျိုး sensitive area တွေကို ဆပ်ပြာအလွန်အကျွံသုံးပြီး တိုက်ချွတ်မိနေတာကလည်း ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီနေရာတွေဟာလည်း တခြားနေရာတွေလိုမျိုး နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်တာမှန်ပေမယ့် ဆပ်ပြာတွေ ဖိတိုက်နေလို့တော့ မရဘူးဆိုတာ သိထားပေးပါ။
  • အရက်သေစာသောက်စားချိန်မှာ ရေမသောက်တာ – ဝိုင်အနီက သွားအတွက်ကောင်းပေမယ့် ဝိုင်အဖြူကတော့ သွားကိုထိခိုက်စေနိုင်တဲ့ အက်ဆစ်ဓာတ်တွေပါရှိပါတယ်။ နောက်ပြီး တခြားပြင်းတဲ့အရက်တွေမှာဆိုရင်လည်း အာခေါင်ခြောက်စေတာကနေစလို့ လျှာအရသာခံနိုင်စွမ်းပျက်စေတာအထိ ဆိုးကျိုးတွေ အသီးသီးပါဝင်နေပါတယ်။ ဒါကြောင့် လှပတဲ့ ပါးစပ်၊ သွားလေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အရက်သေစာကိုရှောင်ကျဉ်တာက အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေသောက်သုံးမယ်ဆိုရင်လည်း ရေကို မကြာခနတွဲဖက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ အရက်သောက်တာ မလှစေပေမယ့် တစ်ချို့က အထာကြတယ်ဆိုတဲ့ အတွေးမျိုးတွေးတတ်ကြတာမို့ ခုလို ထည့်ပြောရတာပါ။
  • ကော်ဖီသောက်ပြီးမှ သွားတိုက်တာ – သွားတိုက်တယ်ဆိုတာက သွားလှပ သန့်ရှင်းစေဖို့ ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကော်ဖီသောက်ပြီးမှ ဒီလို သွားတိုက်မယ်ဆိုရင်တော့ သင့်သွားဝါသွားဖို့ ပိုနီးစပ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး အနည်းဆုံး တစ်နာရီခြားပြီးမှ သွားတိုက်သင့်ပါတယ်။
  • ဆံပင်ခြောက်သွေ့နေလျက်ချိန် ရေကူးတာ – ရေကူးကန်တွေမှာ ရေသန့်စင်ဖို့အတွက် ကလိုရင်းအပါအဝင် ဓာတုဗေဒပစ္စည်းတွေ ထည့်ခတ်ထားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကလှချင်လို့ ရေဆင်းကူးတာဖြစ်ပေမယ့် အကြိမ်တိုင်း ခြောက်သွေ့နေတဲ့ ဆံပင်နဲ့ဖြစ်နေရင် ဆံသားကို သိသိသာသာပျက်စီးစေမှာဖြစ်ပါတယ်။ ရေမကူခင်မှာ ဆံပင်ကို ရိုးရိုးရေသန့်သန့်နဲ့ ဖြန်းပေးဖို့ လိုအပ်သလို ရေကူးပြီးချိန်မှာလည်း ခေါင်းလျှော်ဖို့ လိုမှာဖြစ်ပါတယ်။
  • ခေါင်းလျှော်ရည် နည်းလွန်း/များလွန်းတာ – ခေါင်းလျှော်ရည်ကို အများကြီးသုံးတာက မကောင်းသလို၊ ချွေတာပြီး အနည်းအကျဉ်းပဲ သုံးတာကလည်း မမှန်ပြန်ပါဘူး။ ခေါင်းလျှော်ရည် သုံးတာများရင် ဗော်ပြဿနာနဲ့ ကြုံရနိုင်ပါတယ်။ နည်းရင်တော့ ခေါင်းသေချာမသန့်စင်တာမျိုးဖြစ်နိုင်ပါတယ်။
  • Conditioner မသုံးတာ – ခေါင်းလျှော်ရာမှာ ပျော့ဆေးကိုလည်း တွဲဖက်သုံးပေးဖို့ လိုအပ်ပါတယ်။ ပျော့ဆေးမသုံးပဲ မကြာခဏ ခေါင်းလျှော်တဲ့အခါ ဆံပင်ခြောက်တာမျိုး၊ ပြတ်လွယ်တာမျိုးဖြစ်တတ်ပါတယ်။
  • ခဏခဏ နားဖာချေးကလော်တာ – ဂွမ်းတုတ်တံလေးတွေနဲ့ နားဖားချေးကလော်တာက ဇိမ်ကျတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီလိုပြုလုပ်တာဟာ မလိုအပ်တဲ့ ကိစ္စတစ်ခုလို့တောင်ဆိုလို့ရပါတယ်။ နားဖာချေးတွေဟာ နားအတွင်းပိုင်းကို ကာကွယ်ဖို့အတွက် တည်ရှိနေတဲ့ အရာတွေပါ။ မကြာခဏ နားဖာချေးကလော်တာဟာ နားစည်ကိုမတော်တဆထိခိုက်စေနိုင်သလို ရေရှည်မှာ အကြားအာရုံကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။
  • Deodorant တွေ အလွန်အကျွံသုံးတာ – တချို့က ချွေးနံ့ပျောက်ရင်ပြီးရော Deodorant တွေကို အလွန်အကျွံသုံးစွဲကြပါတယ်။ တကယ်တမ်းမှာတော့ လိုတာထပ်ပိုသုံးမိမယ်ဆိုရင် ချွေးဂလင်းတွေကို ထိခိုက်စေနိုင်တာကို သတိထားသင့်ပါတယ်။
  • ဂျုတ်ကို ပုံမှန်မလဲလှယ်တာ – မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး ရိတ်ရာမှာအသုံးပြုတဲ့ သင်တုန်းဓား၊ ဂျုတ်စတာတွေကို ပုံမှန်မလဲလှယ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပကို ထိခိုက်စေတဲ့ အမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ တစ်ကြိမ်သန့်ရှင်းရေးလုပ်ပြီးတိုင်း ဓားသွားမှာကပ်ကျန်နေခဲ့တဲ့ အညစ်အကြေးတွေနဲ့ အစအနတွေဟာ သင့်ရဲ့ မျက်နှာအရေပြားအလှအပကို ဖျက်ဆီးနိုင်တဲ့အရာတွေအဖြစ် ပြောင်းလဲသွားကြပါလိမ့်တယ်။
  • ရေပူနဲ့ မကြာခဏ ရေချိုးတာ – ပူနွေးတဲ့ရေနဲ့ ရေချိုးတာမျိုး၊ ရေနွေးငွေ့နဲ့ ရေချိုးတာမျိုးက သင့်ကို လန်းဆန်းစေနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏဒီလို ချိုးနေမယ်ဆိုရင်တော့ အရေပြားရောဂါတွေ စွဲကပ်နိုင်သလို အရေပြားခြောက်တာမျိုးလည်း ဖြစ်လာမှာပါ။
  • မျက်နှာကို မကြာခဏ Scrub လုပ်တာ – Scrub လုပ်တာက မျက်နှာကို ပိုလှပစေသလို ပိုလည်းသန့်စင်ပေးနိုင်တယ်လို့ အမျိုးသမီးတွေက မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အကြိမ်အရေအတွက်ထက် ပိုပြီး Scrub လုပ်မိနေမယ်ဆိုရင်တော့ အရေပြားပြဿနာတွေ ဖြစ်လာမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly