သမ်းတာက ကူးတတ်လား

သမ်းတာက ကူးတတ်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

အမလေး ဒီစာရေးဖို့ သမ်း တဲ့အကြောင်းကို ရှာဖတ်နေရင်းနဲ့ သမ်းလိုက်တာဆိုတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ သမ်းတာက ကူးမကူးတော့မသိဘူး။ သမ်းတဲ့အကြောင်းကို စဉ်းစားရင်ပဲ သမ်းလိုက်ချင်တော့တယ်။ စာဖတ်သူတွေပဲ ဒီလိုပဲ နေမှာပါ။ တစ်ယောက်ယောက်က ကိုယ့်ရှေ့မှာ သမ်းလိုက်ရင် ဘာရယ်မသိ သမ်းချင်စိတ်ဖြစ်ပြီး လိုက်သမ်းကြတယ်မလား။ သမ်းတာက တစ်ယောက်နဲ့ တစ်ယောက် ကူးတတ်လားဆိုတာ တွေးဖူးကြပါသလား။ လေ့လာကြည့်လိုက်တော့ သမ်းတာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ တွေ့နေရပါတယ်။ ဒါလေးကို မျှဝေပေးချင်ပါတယ်။

ဘာလို့ သမ်း တာလဲ။

ဒါက အရင်စပြောရအောင်။ လူတွေ ဘာလို့သမ်းတာလဲ။ အများသိတာက အိပ်ချင်လို့ သမ်းတာ၊ ခန္ဓာကိုယ်က အောက်ဆီဂျင်လိုလို့ သမ်းတာပေါ့။ ဒါပေမယ့် ဒီသီအိုရီက ခေတ်နောက်ကျနေပါပြီ။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရဆိုရင် သမ်းတာက ဦးနှောက်ရဲ့ အပူချိန်ကို ထိန်းချုပ်တာပါတဲ့။ ၂၀၁၄မှာ ထုတ်ဝေတဲ့ Physiology & Behavior ဂျာနယ်မှာ ဖော်ပြချက်တွေအရ လူပေါင်း၁၂၀ကို လေ့လာခဲ့ရာမှာ ဆောင်းတွင်းမှာ သိပ်မသမ်းကြပါဘူးတဲ့။ ဦးနှောက်ရဲ့ အပူချိန်က အပြင်ထက် မြင့်လွန်းရင် လေကိုရှူသွင်းပြီး ဦးနှောက်အေးအောင် လုပ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး အရင်က ကိုယ်တွေးဖူးတာတွေ ဆက်စပ်ကြည့်ရအာင်။

-ပင်ပန်းလို့ သမ်းလိုက်တယ်ဆိုတာက ဦးနှောက်က အလုပ်ကောင်းကောင်း မလုပ်တော့ဘဲ အပူချိန်လျှော့သွားလို့ပါ။

-တစ်ခါတစ်လေ ပျင်းလို့ သမ်းတယ်ဆိုတာက ဦးနှောက်က activeမဖြစ်တော့ဘဲ အလုပ်မလုပ်တော့လို့ အပူချိန်ကျသွားလို့ပါ။

-တစ်ယောက်ယောက်သမ်းတာကို မြင်လို့ လိုက်သမ်းတယ်ဆိုတာက သင်တို့က ပတ်ဝန်းကျင်အတူတူ၊ အပူချိန်အတူတူမှာ နေကြလို့ပါ။ ဒီလို ယူဆချက်တွေလည်း ရှိနေပါတယ်။

နောက်တစ်ခုကတော့ ခန္ဓာကိုယ်က သူ့ကိုယ်သူ ပြန်လန်းအောင် လုပ်တာပါ။ သမ်းလိုက်တဲ့အတွက် အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ လေဝင်ပြီး ဆန့်သွားပါတယ်။ အကြောအခြင်တွေ ပြေသွားပါတယ်။ မျက်နှာနဲ့ ဦးနှောက်ကို သွေးတွေ ရောက်လာပါတယ်။

သမ်း တာက ကူးစက်တတ်လား။

သမ်းတာက သေချာပေါက် ကူးစက်ပါတယ်။ ရုပ်ရှင်ကြည့်နေရင်း ရုပ်ရှင်ထဲက တစ်ယောက်ယောက် သမ်းလိုက်ရင်တောင်  အပြင်က လူတွေက လိုက်သမ်းတတ်ကြပါတယ်။ တစ်ယောက်ယောက်သမ်းလို့ လိုက်သမ်းတယ်ဆိုတာ တကယ်တော့ မျှဝေခံစားတတ်တယ်ဆိုတဲ့သဘော၊ ရင်းနှီးတတ်တဲ့သဘော ဖြစ်တယ်လို့ Baylor Universityက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ယေဘုယျပြောတာပါ။ ဒီလိုပြောလို့ လိုက်မသမ်းတဲ့သူတွေက စိတ်ရောဂါရှိနေသူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ ပြောတာမဟုတ်ပါဘူး။

သမ်းတာ သိပ်များနေရင် ဘယ်လိုလုပ်မလဲ။

သမ်းတာ သိပ်များလွန်းတယ်။ တစ်နေကုန် သမ်းပဲ သမ်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ ပင်ပန်းလို့လား၊ အိပ်ရေးတွေများ တော်တော်ပျက်နေလို့လား အကြောင်းရင်းကို ရှာပြီး ကုရမှာပါ။ ဒီကြားထဲမှာ ကိုယ့်ဟာကိုယ် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

  • အသက်ပြင်းပြင်းရှူပါ။

သင့်ကိုယ်သင် အဆက်မပြတ်သမ်းနေပြီလို့ ယူဆရင် နှာခေါင်းကနေ အသက်ပြင်းပြင်းရှူပါ။ ခန္ဓာကိုယ်က အောက်ဆီဂျင်လိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၀၇လေ့လာချက်တွေအရ နှာခေါင်းကနေ အသက်ပြင်းပြင်းရှူတာက သမ်းတာကို လျော့စေတယ်လို့ ဆိုထားပါတယ်။

  •  လှုပ်လှုပ်ရှားရှားနေပါ။

လုပ်လက်စအလုပ်ကနေ ခဏနားလိုက်ပါ။ ဦးနှောက်က လေးလံထိုင်းမှိုင်းနေပါပြီ။ ပင်ပန်းတာတွေ၊ ပျင်းရိတာတွေ၊ စိတ်ဖိစီးတာတွေက လူကိုပိုပြီး သမ်းဝေစေပါတယ်။ ဒါကြောင့် ထိုင်ရာထ ကော်ဖီလေးဘာလေးသောက် လှုပ်လှုပ်ရှားရှားနေလိုက်ပါ။

  • ကိုယ့်ကိုယ်ကိုယ် အေးအောင်နေပါ။

အပြင်ထွက်လမ်းလျှောက်တာဖြစ်ဖြစ် အေးတဲ့နေရာမှာ နေတာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အပြင်မထွက်နိုင်ရင် ရေအေးအေးသောက်တာမျိုး၊ အသီးအေးအေးလေးတွေ စားတာမျိုး လုပ်ပေးပါ။

သမ်းတာဟာ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ အများကြီး ရှိနေမှန်း မသိခဲ့ဘူး။ ကဲ စာဖတ်သူတွေရော ဒီစာဖတ်ပြီးချိန်အထိ ဘယ်နှခေါက်များ သမ်းမိလိုက်ပြီလဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly