တပ်ကနယ်မြေရှင်းလင်းမည်ဆိုသောကောလဟလကြောင့် ရသေ့တောင်မြို့နယ်တွင် တိမ်းရှောင်သူ ၂၆၀၀၀ ကျော်လာဟု အရပ်ဘက်အဖွဲ့အစည်းများပြော

တပ်ကနယ်မြေရှင်းလင်းမည်ဆိုသောကောလဟလကြောင့် ရသေ့တောင်မြို့နယ်တွင် တိမ်းရှောင်သူ ၂၆၀၀၀ ကျော်လာဟု အရပ်ဘက်အဖွဲ့အစည်းများပြော

ဇူလိုင် ၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဆိုသောသတင်းစကားများနှင့်အတူ  ရွာလုံးကျွတ်အလိုက် ပြောင်းရွှေ့မှုအပါအဝင် ထွက်ပြေးရသူ ၂၆ ၀၀၀ ကျော် ရှိလာပြီဟု ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

တပ်မတော်ဘက်ကတော့ နယ်မြေရှင်းလင်းမည်ဆိုသောစာကို ပြန်ရုပ်သိမ်းပြီးသားဖြစ်ကြောင်းထပ်လောင်းပြေ ာဆိုလိုက်ကာ AA လက်နက်ကိုင်တပ်ဘက်မှ လှုံ့ဆော်မှုဟုစွပ်စွဲလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတစ်ဝှိက်မှ လေး ၊ ငါး ရွာတွင် AA တပ်ဖွဲ့ဝင်များလှုပ်ရှားနေသည်ဟုဆိုကာ နယ်မြေရှင်းလင်းရေးလုပ်ရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကပြောဆိုထားသည်။

ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “အခုဒေသခံတွေပြေးနေတာကတော့ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်လို့ပြေးတယ်ဆိုတာထက် ထုတ်ပြန်ချက်အတိုင်း တပ်က ဆင်းလာတဲ့ အခါမှာ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီးတော့မှထွက်ပြေးတာဖြစ်တယ်။ ပြီးရင်ရွာသားတွေကို စစ်ဆေးတယ်။ မသင်္ကာရင်ဖမ်းခေါ်သွားတယ်။ နှိပ်စက်မှုတွေလည်းရှိတဲ့အခါကျတော့ ဒီအပေါ်မှာစိုးရိမ်ပြီးတော့ သွားကြတာများ ပါတယ်” ဟုပြောသည်။

ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းအထိ ရသေ့တောင်မြို့နယ်မှာတွင်ရှိသော ရွာပေါင်း (၁၆) ရွာမှ လူ ၂၀ ၀၀၀ လောက်ထွက်ပြေးခဲ့ရပြီး အမ်းမြို့နယ်က ရွာ ငါးရွာတွင်လည်း ထွက်ပြေးတဲ့သူ ၆၀၀၀ ကျော် ပတ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

“ ရွာ လေးရွာလောက်က ဒေသခံတွေဘေးလွတ်ရာကိုရှောင်နေဖို့ပေါ့ပြောတယ်။ ဒီဘက်မှာနယ်မြေရှင်းလင်းရေးလုပ်မယ်။ လွတ်ရာရှောင်နေကြဆိုပြီး နှုတ်အားဖြင့်သူတို့ကို (ရွာသားတွေ) ပြောတော့ ရှောင်တိမ်းနေတာတွေရှိ တယ်ဗျ။ မြို့ပေါ်ကယ်ဆယ်ရေးစခန်းကိုရောက်နေတာတွေလည်းရှိပါတယ် ” ဟုအမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးခင်မောင်ဌေးကပြောသည်။

ထွက်ပြေးတိမ်းရှောင်ကြသူတွေဟာ မြို့ပေါ်တွေကိုရောက်လာကြတဲ့သူတွေရှိသလို နီးစပ်ရာ စစ်ရှောင်စခန်းတွေ၊ ရွာတွေကို ရောက်နေကြတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။

''ရသေ့တောင်နဲ့ အမ်းတင်မဟုတ်ပါဘူး။ မြောက်ဦးမြို့နယ်ထဲက ကျေးရွာတချို့မှာလည်း လွန်ခဲ့တဲ့ တစ်ရက် ၊ နှစ်ရက်ကစလို့ ခန့်မှန်းလူဦးရေ ရာဂဏန်း လောက်ကလည်း တပ်တွေလာတဲ့အချိန် တိမ်းရှောင်နေရတာမျိုးရှိနေတယ်''ဟု ဒေသခံဖြစ်သူ ဦးမြသာအောင်က မဇ္ဈိမသို့အတည်ပြုပြောသည်။
ယခုဖြစ်ရပ်နှင့်ပက်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးမင်းသန်းကို မဇ္ဈိမမှဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နယ်မြေရှင်းလင်းမယ်ဆိုတာ အသုံးအနှုန်းတစ်ခုသာဖြစ်ပြီး အဲ့လိုထုတ်ပြန်ထားတဲ့စာကိုလည်း ပြန်ရုပ်သိမ်းပြီးသားဖြစ်ကြောင်းဆိုသည်။

၎င်းက“ ၂၀ ၀၀၀ လောက် ၃၀ ၀၀၀ လောက်ပြေးနေရတယ်ဆိုတာလည်း လှုံဆော်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာကနေပြီးဝင်ရောက်လာအောင် AA အမာခံများကနေပြီး လှုံဆော်မှုလုပ်နေတာဖြစ်တယ် ”  ဟု ပြောသည်

 ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရခိုင်တပ်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်များသည်လည်း သိန်းနှင့်ချီရှိနေပြီဖြစ်သည်။

ထို့ကြောင့်အစိုးရမှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား အရှိန်မြင့်ရန်လိုအပ်လာပြီး ရေတိုအနေဖြင့် စစ်ရှောင်များ၏ စားဝတ်နေရေး အခက်အခဲများအားဖြေရှင်းပေးရန် လိုအပ်နေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly