အပြိုင်အဆိုင်စမ်းသပ်နေကြသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ

အပြိုင်အဆိုင်စမ်းသပ်နေကြသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ

ဇူလိုင် ၆

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ကို စမ်းသပ်နေကြပြီး ၎င်းတို့အနက် အနည်းငယ်သည် နောက်ဆုံးအဆင့်စမ်းသပ်မှုသို့ရောက်ရှိနေပြီဖြစ်သဖြင့် အလားအလာကောင်းပုံရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော မျှော်လင့်မထားသည့် ကမ္ဘာလုံးဆိုင်ရာ ခက်ခဲသောစိန်ခေါ်မှုများအနက် တစ်ခုဖြစ်သည်။ ကမ္ဘာတစ်လွှားက လူပေါင်း ၁၁ သန်းကျော် ကူးစက်ခံထားရပြီး ၅၀၀ ၀၀၀ ကျော်သေဆုံးထားကာ ကပ်ရောဂါသည် မပြီးဆုံးနိုင်သေးဘဲ အဆိုးဆုံးအခြေအနေထိပင်မရောက်သေး ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

ကာကွယ်ဆေးစမ်းသပ်မှုများလုပ်ဆောင်နေကြရင်း တစ်ကမ္ဘာလုံးသည် ကိုရိုနာဗိုင်းရပ်စ်အတွက် ထိရောက်သောကာကွယ်ဆေး ရှာဖွေတွေ့ရှိနိုင်ရန် မမောနိုင်မပန်းနိုင်ကြိုးစားနေကြသော သုတေသီများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်သိပ္ပံပညာရပ်များကို မျက်ခြည်မပြတ် ကြည့်နေကြရသည်။ ထိုအချက်သည် ကပ်ရောဂါပျံ့နှံ့မှုနှေးကွေးရန်နှင့် ကူးစက်ရောဂါတားဆီးနိုင်ရန် လက်ရှိအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ စမ်းသပ်ဆဲဖြစ်သော ကာကွယ်ဆေးအချို့ကို သုံးသပ်ဖော်ပြလိုက်ပါသည်။

ဦးဆောင်နေသော အောက်စဖို့ဒ်ကိုဗစ်-၁၉ ကာကွယ်ဆေး

အောက်စဖို့ဒ်တက္ကသိုလ်ကစမ်းသပ်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးတွင် ထိပ်ဆုံးမှရပ်တည်နေပုံရသည်။ ထိုကာကွယ်ဆေးသည် ဘရာဇီးတွင် နောက်ဆုံးအဆင့်စမ်းသပ်နေသည်သာမကဘဲ ဗြိတိန်ဆေးဝါးကုမ္ပဏီကြီး AstraZeneca အောက်တွင် ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပြီးဖြစ်သည်။ AstraZeneca သည် နိုင်ငံတွင်း ဆေးပမာဏ သန်း ၅၀၀ ထုတ်လုပ်ရန် အိန္ဒိယဇီဝနည်းပညာကုမ္ပဏီ Serum Institute နှင့် သဘောတူညီချက်ရထားသည်။ ဘရာဇီးနိုင်ငံနှင့်လည်း ထုတ်လုပ်မှုဆိုင်ရာသဘောတူညီချက်ရရှိရန် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးသည် ဆေးရုံဆေးခန်းနှင့် လက်တွေ့စမ်းသပ်မှုအဆင့်တွင် ရလဒ်ကောင်းများထွက်ပေါ်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီဟု စီမံကိန်းခေါင်းဆောင်ကပြောသည်။

အဆင့်သုံး စမ်းသပ်မှုကို ဇူလိုင်တွင်ပြုလုပ်မည့် Moderna ကာကွယ်ဆေး

အမေရိကန်အခြေစိုက် Moderna ဇီဝနည်းပညာကုမ္ပဏီက လူပေါင်း ၃၀ ၀၀၀ ပါဝင်သော ကာကွယ်ဆေးနောက်ဆုံးအဆင့်စမ်းသပ်မှုသည် လေ့လာမှုအစီအစဉ်အပြောင်းအလဲများကြောင့် နှောင့်နှေးခဲ့ကြောင်းပြောဆိုခဲ့ပြီး ဇူလိုင်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အဆင့် သုံး လက်တွေ့စမ်းသပ်မှု စတင်မည်ဟု မျှော်မှန်းထားကြောင်း ပြောသည်။ ကနဦးစမ်းသပ်မှုများကို ဇူလိုင် ၉ ရက်တွင် စတင်မည်ဟု အစီအစဉ်ဆွဲထားသည်။ Moderna ၏ ကာကွယ်ဆေးသည် မကြာမီအချိန်အတွင်း နောက်ဆုံးအဆင့်စမ်းသပ်မှုရောက်ရှိမည့်ကာကွယ်ဆေးအချို့အနက် တစ်ခုဖြစ်သည်။ အစောပိုင်းစမ်းသပ်မှုရလဒ်များအရ အလားအလာရှိသည်ဟုဆိုသည်။ Moderna ကာကွယ်ဆေးသည် RNA အခြေခံသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ ကိုဗစ်-၁၉ ကာကွယ်ပေးသည့် ပဋိပစ္စည်းများ ကူညီထုတ်လုပ်ပေးနိုင်ရန် ပုံဖော်ထားသည်။

Sinovac ၏ CoronaVac ကာကွယ်ဆေး

Sinovac သည် တရုတ်နိုင်ငံရှိ ဇီဝဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး CoronaVac ဟုခေါ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်လျက်ရှိရာ အဆင့်နှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါကာကွယ်ဆေးကို လူပေါင်း ၁ ၀၀၀ ကျော်နှင့် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး CoronaVac သည် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ၉၉ % သေချာသည်ဟု Sinovac ကုမ္ပဏီက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

BioNTech နှင့် Pfizer ၏ ကာကွယ်ဆေး

ဂျာမနီဇီဝနည်းပညာကုမ္ပဏီ BioNTech နှင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ ပူးပေါင်းထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အလားအလာရှိကြောင်းနှင့် အစောပိုင်းအဆင့် လူသားများနှင့်စမ်းသပ်မှုတွင် လက်ခံနိုင်ဖွယ်အခြေအနေရှိကြောင်း အဆိုပါကုမ္ပဏီများ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကာကွယ်ဆေးစမ်းသပ်မှုသည် ကနဦးအဆင့်တွင်ရှိနေသေးသော်လည်း ဇူလိုင်လတွင် လူပေါင်း ၃၀ ၀၀၀ အထိ ပါဝင်စေပြီး ကြီးမားသောစမ်းသပ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောသည်။

J & J ၏ ကာကွယ်ဆေး

အမေရိကန်အခြေစိုက် ဆေးဝါးနှင့်ဆေးပစ္စည်းကုမ္ပဏီ J & J သည် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ရက်သတ္တ နှစ်ပတ်အတွင်း ပထမအဆင့်စတင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောခဲ့သည်။ အဆိုပါကုမ္ပဏီသည် လူသားများနှင့် စမ်းသပ်မှုကို စက်တင်ဘာလ၌စတင်ရန် လျာထားရာမှ ဇူလိုင်လလယ်သို့ ပြောင်းရွှေ့ခဲ့ကာ ယူနစ်အသစ်များထူထောင်ပြီး လက်ရှိထုတ်လုပ်မှုစွမ်းရည်များတိုးချဲ့လုပ်ဆောင်နေသည်ဟု သိပ္ပံဆိုင်ရာ အကြီးအကဲ Paul Stoffels က ပြောသည်။

Bharat Biotech ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး

အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech သည် ကိုဗစ်ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုအတွက် အိန္ဒိယဆေးဝါးထိန်းချုပ်ရေး (DCGI) ၏ ထောက်ခံမှုကိုရရှိသော အိန္ဒိယ၏ ပထမဆုံးဆေးဝါးကုမ္ပဏီဖြစ်လာခဲ့သည်။ Bharat Biotech သည်  အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (ICMR) နှင့်ဗိုင်းရပ်စ်ပိုးဆိုင်ရာအမျိုးသားတက္ကသိုလ်တို့ ပူးပေါင်းပြီး COVAXIN အမည်ရှိ ကာကွယ်ဆေးကို စမ်းသပ်နေပြီဖြစ်သည်။ ICMR  သည် စမ်းသပ်မှုများ သွက်လက်မြန်ဆန်ပြီး ရလဒ်များ အဆောတလျင်ရရှိစေရန် နိုင်ငံတစ်ဝန်းရှိ ဆေးကောလိပ် ၁၂ ခုကို အကူအညီတောင်းခဲ့သည်။ ICMR သည် ၎င်းတို့၏စမ်းသပ်မှုရလဒ်များကို နိုင်ငံ၏လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် ကြေညာနိုင်ရန် မျှော်လင့်ထားသည်။

Zydus Cladia ၏ ကာကွယ်ဆေး

Bharat Biotech သည် အိန္ဒိယဆေးဝါးထိန်းချုပ်ရေး (DCGI)  ၏ ခွင့်ပြုချက်ရပြီးမကြာမီရက်ပိုင်းအတွင်း နောက်ထပ်အိန္ဒိယဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Zydus Cladia သည်လည်း လက်တွေ့စမ်းသပ်မှုများအတွက် ခွင့်ပြုချက်ရရှိခဲ့သည်။ Zydus Cladia ၏ ကိုဗစ်ကာကွယ်ဆေးသည် တိရစ္ဆာန်များနှင့်စမ်းသပ်မှုတွင် ကျေနပ်စရာကောင်းသည့် ရလဒ်များ ရရှိပြီးနောက် လူသားများနှင့် လက်တွေ့စမ်းသပ်မှု အဆင့်တစ်နှင့်နှစ်ကို ဆက်လက်လုပ်ဆောင်ရန် DCGI က ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly