တရုတ်နှင့် ထိုင်ဝမ် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

တရုတ်နှင့် ထိုင်ဝမ် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ထိုင်ဝမ်က အဆင့်တူ မာယင်ကျုးတို့ ခေါင်းဆောင်နှစ်ဦး စင်ကာပူတွင် နိုဝင်ဘာ ၇ ရက်နေ့က သမိုင်းဝင်တွေ့ဆုံခဲ့ကြသည်။

၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပြီးချိန်မှစကာ တရုတ်နှင့် ထိုင်ဝမ်ခေါင်းဆောင်များကြား ပထမဆုံးတွေ့ဆုံမှုအဖြစ် ရှန်ဂလာရီဟိုတယ်တွင် စတင်တွေ့ဆုံကြစဉ် ခေါင်းဆောင်နှစ်ဦး၏ လက်ဆွဲနှုတ်ဆက်မှုက သမိုင်းသစ်တစ်ရပ်ဖြစ်ခဲ့ရသည်။

ဒေသတွင် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့က တွေ့ဆုံမှု၏ အဓိကအကြောင်းအရာဖြစ်ပြီး မာယင်ကျုးကလည်း စင်ကာပူသို့ တွေ့ဆုံမှုအတွက် လာရောက်ခြင်းသည် နှစ်ဒေသကြား ဆက်ဆံရေးအတွက် အဓိကပထမခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း ပြောထားသည်။

တစ်နာရီကြာတွေ့ဆုံမှုအတွက် သမ္မတရှီကျင့်ဖျင်က မှတ်ချက်စကားပြောရာတွင် "ကျွန်တော်တို့က တစ်အူထုံဆင်းမိသားစုပါ။ ဘာကမှ ကျွန်တော်တို့ကို ခွဲခြားလို့ ရမှာမဟုတ်ပါ။"ဟု ပြောခဲ့သည်။

"ပထမဆုံးတွေ့ဆုံမှုသာဖြစ်ပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေလိုပါပဲ။ ကျွန်တော်တို့နောက်မှာ နှစ် ၆၀ သမိုင်းက ကျန်ခဲ့ပါပြီ။ အခုကစပြီး ထိပ်တိုက်တွေ့ခြင်းများကို ရှောင်ရှားကာ ကျေလည်မှုများ ရရှိလာတော့မှာဖြစ်ပါတယ်။"ဟု ရှီက ပြောခဲ့သည်။

စင်ကာပူသို့ သမ္မတရှီကျင့်ဖျင်က နှစ်ရက်တာ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly