နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း - အပိုင်း (၃)

By လင်္ကျာဝင်း
06 July 2020
နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း - အပိုင်း (၃)

ဇူလိုင် ၆

၁၉၃၀ ပတ်ဝန်းကျင် ဗမာနိုင်ငံရေး အခြေအနေကို သမိုင်းဆရာကြီး ဗန်းမော်တင်အောင်က အခုလိုရေးသား ခဲ့ပါတယ်။ ယင်းသို့မြန်မာနိုင်တွင် “လှိုင်၊ပု၊ကျော်” တို့ဦးဆောင်သော ဂျီစီဘီမအဖွဲ့ချုပ်ကြီးက ဒိုင်အာခီ အုပ်ချုပ်ရေးကို သပိတ်မှောက်ခါ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လျှက်ရှိသကဲ့သို့ အိန္ဒိယ နိုင်ငံတွင်လည်း မဟက္တမ ဂန္ဓီ ဦးဆောင်သော ကွန်ဂရက်အဖွဲ့ချုပ်ကြီးသည် အလားတူတိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဆင်နွှဲလျှက်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို အင်အားလျော့ပါးသွားစေရန် စီမံကိန်းဖြင့် ကောက်ကျစ်စဉ်းလဲသော ဗြိတိသျှကိုလိုနီသမားများသည် သက္ကရာဇ် ၁၉၂၉ - ၃၀ ခုနှစ်များအတွင်း အိန္ဒိယ - မြန်မာမုန်းတီးရေး အဓိကရုဏ်းနှင့် တွဲရေး၊ ခွဲရေး ပြဿနာများကို ပါးနပ်ကျွမ်းကျင်စွာ လှုံ့ဆော်ဖန်တီးခြင်း ပြုခဲ့သည်များကို တွေ့ရှိရသည်။ (စာ - ၁၈၅ )မြန်မာနိုင်ငံတော်သမိုင်း၊ အောက်တိုဘာ - ၂၀၁၃ ( တ - ကြိမ်) မြနန္ဒာစာပေ။ အုပ်စိုးသူတို့ ထုံးစံအတိုင်း သူတို့ရဲ့အကျပ်အတည်းတွေ ထွက်ပေါက်ရဖို့ အဖိနှိပ်ခံ ဘဝတူလူမျိုးခြင်း မုန်းတီးအောင် စီမံပြီး အဓိက ရုဏ်းတွေ ဖန်တီးခဲ့ကြပါတယ်။

၁၉၃၀ ဝန်းကျင်ကာလ ရန်ကုန်မြို့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အိန္ဒိယနွယ်ဖွားတွေဖြစ်တယ်။ ကုန်တင်ကုန်ချ လုပ်ငန်းလိုမျိုးတွေမှာ မြန်မာအလုပ်သမားတွေနဲ့ အတူတူအလုပ်လုပ်ကြတဲ့ အိန္ဒိယနွယ်ဖွားတွေ မနည်း ဘူး။ ၁၉၃၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့မှာ ကုန်တင်ကုန်ချ အလုပ်သမားတွေ လစာတိုးတောင်းတာ မရတဲ့အတွက် အလုပ်မဆင်းဘဲ သပိတ်မှောက်ကြတဲ့အခါ ပြည်ပကုမ္ပဏီတွေ အတော်အထိနာတယ်။ အဲဒီမှာ အင်္ဂလိပ်တွေက ဈေးပေါပေါနဲ့ လုပ်အားရတဲ့ အိန္ဒိယက လုပ်သားတွေတင်သွင်းပြီး ခိုင်းစေပါတယ်။ အဲဒီအိန္ဒိယနွယ်ဖွားတွေနဲ့ မြန်မာအလုပ်သမားတွေ မေ ၂၆ ရက်နေ့မှာ ရိုက်ကြတော့တာပါပဲ။ လေးရက်လောက်ဆက်ရိုက်လိုက်ကြတာ လူ ၁၂၀ လောက်သေပါတယ်။ ဒီအဓိကရုဏ်းက လူသိအတော်နည်းပါတယ်။

၁၉၃၁ ခုနှစ် ဇန်နဝါရီလမှာလည်း တရုတ် - မြန်မာ အဓိကရုဏ်းဖြစ်ပါသေးတယ်။ ၂ ရက်နေ့ကစပြီး ၅ ရက်နေ့မှာ ပုလိပ်နှိမ်လို့ ပြီးပါတယ်။ သုံးလေးရက်အတွင်းမှာ လူ ၁၂ ယောက်သေပါတယ်။ အထက်ပါနောက်ခံနိုင်ငံရေးတွေကို ရှည်ရှည်လျားလျားတင်ပြနေရတာ အကြောင်းရှိပါတယ်။ ဘယ်အနုပညာ လက်ရာမျိုးမဆို သူ့ခေတ်ကာလနိုင်ငံရေး အကြောင်းခံနဲ့ ကင်းလွတ်ပြီး တည်ရှိလို့ မရဘူးဆိုတာ ပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။

၁၉၃၃ ခုနှစ်မှာ ပဲရော့ရုပ်ရှင်က ထုတ်လုပ်ပြီး ဒါရိုက်တာဦးအောင်ကျော်ရိုက်ကူးတဲ့ “ဝမ်းစမိုး” ဆိုတဲ့ ရုပ်ရှင်ကား ရုံတင်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပဲရော့ဦးဆန်နီ စာအုပ် စာမျက်နှာ ၁၂၆ နဲ့ ၁၂၇ မှာ အခုလိုဖတ် ရပါတယ်။

“ထိုအချိန်က အိမ်နီးချင်းနိုင်ငံများမှ ကုလားနှင့် တရုတ်လူမျိုးများ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်နေထိုင်ခြင်းကို ဆန့်ကျင်ရေးနှင့် ထိုစဉ်က မြန်မာနိုင်ငံမှာ အိန္ဒိယနှင့် တွဲလျှင်လည်းကျွန်၊ ခွဲလျှင်လည်းကျွန်ဖြစ်၍ လုံးဝလွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းရေးကို နှိုးဆော်တိုက်တွန်းခဲ့သည်။ ဗြိတိသျှိအစိုးရရုပ်ရှင်ဆင်ဆာအဖွဲ့မှ ခွင့်ပြုချက်ဖြင့် ဝမ်းစမိုး ရုပ်ရှင်ကားအား ရုံတင်ခဲ့ရာ စတင်ပြသသည့်နေ့ နေ့လည် ၁၂ နာရီပွဲနှင့် ပွဲပြသပြီးချိန်တွင် ပလိပ်မင်းကြီးက ဝမ်းစမိုး ရုပ်ရှင်ကားပြသခွင့် ပိတ်လိုက်လေသည်။ ကုလားအသင်းတစ်သင်းက ပုလိပ်မင်းကြီးထံ ဝမ်းစမိုးရုပ်ရှင်ကားမှာ ကုလားလူမျိုးများအား အထင်သေး အမြင်သေးစေရန်နှင့် ကုလားနှင့် မြန်မာစိတ်ဝမ်း ကွဲစေရန် ရိုက်ကူးထားကြောင်းကို တိုင်တန်း၍ ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြန်လည်စစ်ဆေးခဲ့သည်။ ထို့နောက်ပြကွက်များအား ဖြတ်တောက်မှုမရှိဘဲ အသံတိတ်ရုပ်ရှင်ကားများတွင် ထည့်သွင်းလေ့ရှိသော စကားပြောစာတမ်းအချို့ကို ဖြတ်တောက်ပြီး နောက်နေ့နေ့လည် ၁၂ ပွဲတွင် ပြန်လည်ပြသခွင့် ရခဲ့သည်။”

ဝမ်းစမိုး ဇာတ်ကားကို မကြည့်ရတဲ့အတွက် လူမျိုးရေးဆန့်ကျင်ရေး ပြကွက် ဘယ်အတိုင်းအတာထိ ပါတယ် ဆိုတာ သေချာမသိနိုင်ပါဘူး။ ပါတန်သလောက်ပါပါလိမ့်မယ်။ ဒါကို အင်္ဂလိပ်အစိုးရက ဘာဖြစ်လို့ ခွင့်ပြုခဲ့သလဲ။ ၁၉၃၀ အဓိကရုဏ်းကို ဆက်ချင်လို့ တမင်များ ဟပေးလိုက်သလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ တိုင်သူရှိလာမှ ဆင်ဆာဖြတ်တဲ့ အလုပ်လုပ်ခဲ့တာမို့လား။

ပြီးခဲ့တဲ့လေးငါးနှစ်လောက်က ရုံတင်ပြသတဲ့ မြန်မာကားတစ်ကားမှာဆိုရင်လည်း လူမျိုးခြားဆန့်ကျင်ရေး ပြကွက်အချို့ပါတာ သတိထားမိတယ်။ အဲဒီကားထဲက သရုပ်ဆောင်တစ်ယောက် အကယ်ဒမီတောင် ရလိုက်သေး။ အဲဒီကာလ နိုင်ငံရေးနောက်ခံက အစွန်းရောက်မျိုးချစ်အသံတွေ ဆူဆူညံညံနဲ့ ဒီဘက်ခေတ်မှာ ဒီလိုဇာတ်ကား ထွတ်ပေါ်လာဖူးတယ်ဆိုတာလည်း မှတ်တမ်းတင်ထားရမှာပဲ။ ဗမာပြည်ကျွန်ဘဝရောက်တော့ ရေနံ၊ ကျွမ်းသစ်နဲ့ ဆန်စပါးစတဲ့ လုပ်ငန်းကြီးတွေကို အင်္ဂလိပ် အရင်းရှင်ကြီး တွေက လက်ဝါးကြီးအုပ်လိုက်ပြီး ကျန်လုပ်ငန်းအလတ်စားနဲ့ အငယ်စားတွေကို တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေက ချယ်လှယ်ထားကြပါတယ်။ အဲဒီအခြေအနေမှာ ပဲရော့ဦးဆန်နီဟာ မျိုးချစ်လုပ်ငန်း၊ နိုင်ငံခြားသားဆန့်ကျင်ရေး လုပ်ငန်း (အထူးသဖြင့် ကုလားမုန်းတီးရေး) တွေကို ရုပ်ရှင်မှာ အများဆုံးသွတ်သွင်းခဲ့တယ်လို့ ဆရာမောင်ရည်အောင် ရဲ့ ရုပ်ရှင်စာအုပ်မှာဖတ်ရပါတယ်။

မြန်မာအမျိုးသမီးတွေကို လူမျိုးခြား ကုလား တရုတ်ကယူရင် ဦးဆန်နီ အလွန်နာကျည်းပြီး တန်ပြန်လက်စား ချေတဲ့ အနေနဲ့ ကုလားမ တရုတ်မ ယူထားတဲ့ ယောက်ျားတွေ့ရင် သိသိ မသိသိ ဦးဆန်နီက ငွေကြေးသွားရောက် ချီးမြှင့်တတ်တယ်လို့ ကြားဖူးကြောင်းကိုလည်း ရုပ်ရှင်စာအုပ်မှာပဲ ဖတ်ရပါတယ်။ ဦးဆန်နီရဲ့ ပုဂ္ဂိုလ်ရေးသဘောကို အခုလိုလေ့လာသိရှိထားရတဲ့ အတွက် ဝမ်းစမိုး ဇာတ်ကားမှာ လူမျိုးရေး ဆန့်ကျင်ရေး ဇာတ်ကွက် ပါတန်သလောက် ပါလိမ့်မယ်ဆိုတဲ့ မှတ်ချက်ကို (ကိုယ်မကြည့်ရပေမယ့်) ချနိုင်ခဲ့တာဖြစ် ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၉၀ က မြန်မာတွေဟာ အင်္ဂလိပ်လက်အောက်မှာနေရတာပါ။ စီးပွားရေး အရပ်ရပ်ကိုလည်း လူမျိုးခြားတွေကပဲ အုပ်စီးထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လူမျိုးရေးဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပြင်းပြင်းထန်ထန် နိုးကြားထကြွနေတာမျိုးကို နားလည်လို့ ရပါတယ်။ အဲဒီအချိန်က မြန်မာနဲ့ အိန္ဒိယနွယ်ဖွားတွေရဲ့ အဓိကရုဏ်းကို အားပေးထောက်ခံတဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေတောင် ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ပေါ်ခဲ့တဲ့ တို့ဗမာသီချင်းရဲ့ စာသားအချို့ကိုကြည့်ပါ။

“တကောင်းအဘိရာဇာ၊ တို့ဗမာ၊ သာကီမျိုးသာမို့၊ မညှိုးဂုဏ်တေဇာ၊ ယိုးဒယားနဲ့ ကုလားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ၊ အောင်ခဲ့တာ တို့ဗမာ” လို့တွေ့ရမှာဖြစ်ပါတယ်။ ယိုးဒယားနဲ့ ကုလား(လူမျိုးခြားတွေ) ကိုတိုက်ခိုက် အောင်မြင်ခဲ့တာကို ဂုဏ်ယူနေတာ တွေ့ရပါတယ်။ သို့ပေမယ့် မြန်မာ့နိုင်ငံရေးဟာ လူမျိုးရေးလောက်ပဲ ရပ်နေခဲ့တာ မဟုတ်ပါဘူး။ များမကြာမီ ၁၉၃၉ ခုနှစ်မှာပဲ လူတန်းစား အခြေခံတဲ့ နိုင်ငံရေးကို ဖွံ့ဖြိုးပြောင်းလဲသွားတာ တွေ့ရပါတယ်။

“ရုပ်ရှင်လောက၏ ကာလပေါ်ရေစီးကြောင်းတွင် ဇာတိမာန်တေး၊ မျိုးချစ်စိတ်လှုပ်ဆော်တေးတို့သည်လည်း ပါဝင်စီးမျောခဲ့ကြလေသည်။ မြန်မာ့ရုပ်ရှင်သည် ဒုတိယကမ္ဘာစစ်မဖြစ်မှီကာလက တို့ဒေါင်းလံ၊ ဒေါင်းဒင်္ဂါး၊ ရွှေဒေါင်းတောင်၊ ဓါးနှစ်လက်၊ ရည်းစားဓါးပြ၊ ဗိုလ်ဝ အစရှိသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး စွန့်စားမှုကားများကို ရိုက်ကူးပြသခဲ့ရာ ရွှေတိုင်ညွန့်၊ဒဂုံဆရာတင်၊ ဝိုင်အမ်ဘီအေ ဆရာတင်၊ သဟာယဆရာတင်၊ မြကလောင် အစရှိသော သီချင်းရေးဆရာတို့သည် ထိရောက်တက်ကြွသော အမျိုးသားရေးတေးများ ရေးစပ်ကြွေးကြော်ရင်း ပြည်သူတို့ကို စိတ်ဓာတ်နှိုးဆွ မြှင့်တင်ပေးခဲ့ကြသည်။ ယင်းခေတ်ကာလ၏ ရုပ်ရှင်တေးများကို လေ့လာလျှင် အချစ်သီချင်းထက် မျိုးချစ်စိတ်ဓာတ်သီချင်းများက ပို၍ထက်မြက်ပေါ်လွင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။”

(စာ - ၁၇၁ မှ/စန္ဒယားလှထွတ်ရေး မြန်မာဂီတ ရေစီးကြောင်းစာအုပ် ၂၀၁၈-ဧပြီ၊ စိတ်ကူးချိုချိုစာပေ(တ-ကြိမ်) ရုပ်ရှင်ဆိုတာ ဂီတနဲ့ ခွဲမရစကောင်းပါဘူး။ စာအုပ်တွေရဲ့လှုပ်ရှာမှုဟာ ဂီတနဲ့ အပံ့အပိုးပြုလိုက်မှ ပိုပြီးသက်ဝင်ပီပြင်လာတာ ဖြစ်ပါတယ်။ စန္ဒယားလှထွတ်ပြောသလိုပဲ ဒုတိယကမ္ဘာစစ်မတိုင်မှီ မြန်မာ့ရုပ်ရှင်ကား တွေဟာ နယ်ချဲ့ဆန့်ကျင်ရေးကို ပိုမိုဖော်ကျူးလာရာမှ ဂီတဆရာတွေက ပါဝင်ပူးပေါင်းခဲ့ပါတယ်။ များသောအားဖြင့် ရုပ်ရှင်ဆရာတွေက တေးရေးဆရာတွေထံ သီချင်းအပ်ကြရတာပါ။ (ခုလိုပေါက်ပြီးသားသီချင်းကို ကိုယ့်ဇာတ်ကားထဲ ဝယ်သုံးတာမျိုးရှားမယ်ထင်ပါတယ်။)

ရုပ်ရှင်ဆရာတွေနဲ့ ထပ်တူဂီတဆရာတွေဟာလည်း မြန်မာပြည်သူလူထုကို ဇာတိသွေးဇာတိမာန် ထက်သန်အောင် လှုပ်ဆော် ခဲ့ကြပါတယ်။ ၁၉၃၈ ခုနှစ်မှာ အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးက အောင်သပြေဇာတ်ကား ရိုက်ကူးတင်ဆက်ပါတယ်။ ဒါရိုက်တာ အေဝမ်းဦးတင်မောင်ဖြစ်ပြီး ချစ်ရွှေ၊ ရွှေညာမောင်၊ မေမြင့်၊ မေကြည်၊ အေးငွေကြီး၊ ဦးသာဂေါင်၊ မောင်ညွန့်တို့ ပါဝင်ကြပါတယ်။ ဒီဇာတ်ကားမှာ သီပေါမင်း ပါတော်မူခန်းကို အသေးစိတ်ရိုက်ပြပါတယ်။ အောင်သပြေဇာတ်ကား ဆင်ဆာတင်တော့ ဆင်ဆာအဖွဲ့ဝင် မြန်မာ့အလင်းဦးစိန်က ပါတော်မူခန်းမှာ ဗိုလ်မျိုးဒင်နဲ့ ခင်မျိုးမြင့်တို့ သရုပ်ဆောင်တာကို ကြည့်ပြီး ဒါတို့ဗမာကွလို့ ကြွေးကြော်ပြီး သောက်လက်စဆေးပြင်းလိပ်ကို အားပါးတရ ပစ်ပေါက်ခဲ့တယ်လို့ ဒါရိုက်တာကြီး ဆရာဦးညီပုက ဒါရိုက်တာဆရာဦးပြည့်စုံကို ပြောပြခဲ့ဖူးကြောင်း မှတ်သားမိပါတယ်။

အောင်သပြေကားကို နယ်တွေမှာ အရင်လှည့်လည်ပြသတာပါ။ မုံရွာမှာပြတော့ မုံရွာရာဇဝတ်ဝန်ထောက်က အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စေရန် လှုံ့ဆော်တဲ့ကားဆိုပြီး ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆင်ဆာအဖွဲ့က အကြိမ်ကြိမ်ကြည့်ရှုစစ်ဆေးပြီး အခန်းများစွာ ဖြတ်တောက်ကာ ပြန်လည်ပြသခွင့် ပေးခဲ့ပါတယ်။

၁၉၃၆ ခုနှစ်မှာ ဒုတိယကျောင်းသားသပိတ်ဖြစ်တော့ နယ်ချဲ့ပုလိပ်တွေလက်ချက်နဲ့ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတယ်။ မန္တလေးမှာ အာဇာနည် ၁၇ ဦးကျဆုံးတယ်။ သပိတ်နှိမ်နင်းဖြိုခွဲမှုကို အေဝမ်းရုပ်ရှင်က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဗိုလ်အောင်ကျော် ဈာပနနဲ့ အာဇာနည် ၁၇ ဦးဈာပနတွေကို အေဝမ်းနဲ့ ဗြိတိသျှဘားမား ရုပ်ရှင်တို့ ပူးတွဲမှတ်တမ်းတင်နိုင်ခဲ့ကြတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကျပြန်တော့လည်း ရေနံမြေကနေ ရန်ကုန်အထိ အလုပ်သမားတပ်ကြီး ချီတက်ပုံနဲ့ ရန်ကုန်မြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ်ကျင်းပပုံ ကိုလည်း အေဝမ်းရုပ်ရှင်က မှတ်တမ်းတင်နိုင်ခဲ့တယ်။

ဗိုလ်အောင်ကျော် သတင်းကားနဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံသတင်းကားနှစ်ခုပေါင်းပြီး ၁၉၃၉ ခုနှစ် ဘုရင့်ရုံမှာ ရုံတင်တဲ့ အေဝမ်းရုပ်ရှင်က နှစ်ဆောင်ပြိုင်ဇာတ်ကားနဲ့ တွဲပြသခဲ့တယ်။ နယ်မြို့တွေမှာတော့ ဗိုလ်အောင်ကျော် သီတင်းမှတ်တမ်းရုပ်ရှင်ဟာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

၁၉၃၆ ခုနှစ်ကျောင်းသား သပိတ်ကြီးကို ဂုဏ်ပြုပြီးတော့ ဗြိတိသျှဘားမားရုပ်ရှင်က Boycotten အမည်ရတဲ့ ဇာတ်ကားတစ်ကားကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြသူတွေကတော့ ဒုတိယ ကျောင်းသားသပိတ်ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ အတော်ထူးခြားတဲ့ ဇာတ်ကားပါ။ သခင်နု၊ သခင်အောင်ဆန်း၊ ဦးအေးချို၊ ဦးစိန်ခို၊ မစ္စတာရာရှစ်၊ ဦးထွန်းအုံ စတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။ ဒါရိုက်တာကတော့ သခင်နုကိုယ်တိုက် ပဲဖြစ်ပါတယ်။

အဲဒီကာလတွေမှာပဲ ရန်ကုန်ရုပ်ရှင်ကထုတ်လုပ်တဲ့ ဒါရိုက်တာ ဆရာဟန်ရဲ့ ငါ့သဘော ရုပ်ရှင်ကားအကြောင်း ကိုထည့်သွင်းတင်ပြမှ မြန်မာရုပ်ရှင်ဆရာတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသမိုင်းဟာ ပိုပြီးပြည့်စုံမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကြော်ငြာလက်ကမ်းစာစောင်မှာကိုက ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးသစ်၊ ဘိလပ်ပါလီမန်ကို ကျွမ်းပစ်ပြေးရစေမယ်ဆိုတဲ့ အရေးအသားမျိုးပါပါတယ်၊။ ရုပ်ရှင်ပြမယ့်နေ့မှာပဲ ပုလိပ်မင်းကြီးက ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။ ရန်ကုန်ရုပ်ရှင်က ဝတ်လုံဒေါက်တာ ဘဟန်အကူအညီနဲ့ ညှိနှိုင်းတဲ့အခါ ဆင်ဆာအဖွဲ့က ပြန်လည်စစ်ဆေးပြီး ခွင့်ပြုခဲ့ပေမယ့် လက်ကမ်းကြော်ငြာတွေကိုတော့ လိုက်လံသိမ်းဆည်းခဲ့ပါတယ်။ နောက်နောင်ကို ဇာတ်ကားကြော်ငြာတွေ မဝေငှခင်မှာ ဆင်ဆာအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပုလိပ်မင်းကြီးရုံးကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရမှ ဝေငှဖို့ကိုလည်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ (စစ်အစိုးရ ခေတ်တစ်ခေတ်လုံး စာအုပ်ကြော်ငြာတွေ ကြိုတင်ရတာရဲ့ ရှေ့ပြေးသဘောလို့ ယူဆသော် ရမယ်ထင်ပါတယ်။)

၁၉၃၀ နဲ့ ၁၉၄၀ အကြားထွက်ရှိတဲ့ မြန်မာ့ရုပ်ရှင်များနဲ့ သီတင်းရုပ်ရှင်တွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးကို အထူးတလည်ဇောင်းပေးလာကြတာတွေ့ရပါတယ်။ နိုင်ငံရေးအရကလည်း လယ်သမားလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှုတွေနဲ့ တင်းကြမ်းပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။ ဗမာပြည်ကို ဆိုရှယ်လစ်အတွေးအခေါ် စတင်ဆောင်ကျဉ်းပေးခဲ့တဲ့ နဂါးနီစာအုပ်အသင်း ဟာလည်းအဲဒီအချိန်မှာ ပေါ်တာပါပဲ။

ဆက်လက်ဖော်ပြပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly