အမဲလိုက်စဉ် သူငယ်ချင်းအား တိရစ္ဆာန်နှင့် မှားပစ်မိ

By The Nation Thailand
06 July 2020
အမဲလိုက်စဉ် သူငယ်ချင်းအား တိရစ္ဆာန်နှင့် မှားပစ်မိ

ဇူလိုင် ၆

ထိုင်းနိုင်ငံတွင် လူတစ်စု အမဲလိုက်ထွက်ကြရာ သူငယ်ချင်းဖြစ်သူအား တိရစ္ဆာန်အမှတ်ဖြင့် မှားယွင်းပစ်ခတ်မိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

Weerachai Rorwongtawan (၂၉ နှစ်) သည် ဇူလိုင် ၂ ရက်က တခြားသူငယ်ချင်းနှစ်ဦးနှင့်အတူ အမဲလိုက်ထွက်စဉ် သူငယ်ချင်းတစ်ဦးဖြစ်သည့် Phisunu Tanupetchpan အား ပစ်သတ်မိခဲ့ခြင်းဖြစ်သည်။ လန်ဖွန်ပြည်နယ်ရဲအရာရှိသည် Weerachai အား ထိန်းသိမ်းထားရန်အတွက် ပြည်နယ်တရားရုံးအား ဇူလိုင် ၃ ရက်တွင် လျှောက်ထားခဲ့သည်။

Weerachai က  တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ သူနှင့်သူ့ သူငယ်ချင်းသည် ဆန့်ကျင်ဘက်အရပ်တွင် ရှိနေကြောင်း၊ ဝါးပင်များလှုပ်ရှားနေသည်ကိုမြင်ပြီး တိရစ္ဆာန်တစ်ကောင်အထင်ဖြင့် သေနတ်ဖြင့် ပစ်မိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထို့နောက် သူငယ်ချင်းအော်သံကြား၍ထိတ်လန့်သွားပြီး ရဲနှင့်လူနာတင်ယာဉ်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်းပြောသည်။ အပစ်ခံရသူ Phitsunu မှာ သေဆုံးသွားခဲ့သည်။

ရဲက Weerachai ၏ သေနတ်ကို သိမ်းယူခဲ့ပြီး ၎င်းနှင့်တခြားသူငယ်ချင်းများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။  ၎င်းတို့အား ဆီးစစ်ကြည့်ရာ  မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် စွဲချက်တင်ထားသည်။ 

သို့သော် Weerachai ၏ ထွက်ဆိုချက်တွင် ကွဲလွဲမှုများရှိနေသည်ဟု သေဆုံးသူ၏အစ်ကိုက ထောက်ပြခဲ့သည်။ Werachai က သူငယ်ချင်းအား တောကြောင်ထင်၍ ပစ်မိခဲ့ကြောင်း သေဆုံးသူ၏အစ်ကို,ကို ပြောပြခဲ့သော်လည်း ရဲထံ၌ ထွက်ဆိုရာတွင် ကြွက်တစ်ကောင်အထင်ဖြင့် ပစ်မိခဲ့သည်ဟု ပြောခဲ့သည်။

Weerachai က အစပိုင်းတွင် ပစ်သတ်မိကြောင်း ဝန်မခံခဲ့ဘဲ နောက်ပိုင်းမှ မတော်တဆ မှားပစ်ခဲ့မိကြောင်း သေဆုံးသူ၏အစ်ကိုအား ပြောပြခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly