ရွှေ့ပြောင်းကယ်ဆယ်ရေးလှေ မြေထဲပင်လယ်၌ အကျပ်ဆိုက်နေ၍ အရေးပေါ်အကူအညီတောင်း

ရွှေ့ပြောင်းကယ်ဆယ်ရေးလှေ မြေထဲပင်လယ်၌ အကျပ်ဆိုက်နေ၍ အရေးပေါ်အကူအညီတောင်း

ဇူလိုင် ၅

ရွှေ့ပြောင်း ၁၈၀ ဦးကို တင်ဆောင်လာသည့် ကယ်ဆယ်ရေးလှေတစ်စင်း မြေထဲပင်လယ်ပြင်တွင်း၌ ကမ္ဘာပျက်သည့်အလား ဝရုန်းသုန်းကား အခြေအနေများနှင့် ကြုံတွေ့နေရ၍ အရေးပေါ်အကူအညီတောင်းထားရကြောင်း အကူအညီပေးနေသည့် လူသားချင်းစာနာမှုအဖွဲ့ SOS Mediterranee က ပြောသည်။

ကယ်ဆယ်ရေးလှေပေါ်တွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းမှု၊ လှေပေါ်ပါသူများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ ပင်လယ်ပြင်တွင်း ခုန်ချမှု စသည့် ဖြစ်စဉ်များ တစ်သီတစ်သန်း ပေါ်ပေါက်ခဲ့ပြီးနောက် လှေကို ဘေးကင်းသည့် ဆိပ်ကမ်းတစ်ခုတွင် အမြန်ဆုံး ကမ်းကပ်ပြီး လှေပေါ်ပါရွှေ့ပြောင်းများ ကမ်းတက်ခွင့် ရရန် တောင်းဆိုရင်း SOS Mediterranee က ဇူလိုင် ၃ ရက်တွင် အရေးပေါ် သတိပေးချက်တစ်ရပ် ထုတ်ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လူသားချင်းစာနာမှုအဖွဲ့၏ ကယ်ဆယ်ရေးလှေ Ocean Viking သည် ရွှေ့ပြောင်း ၁၈၀ ဦးကို တင်ဆောင်ပြီး ပင်လယ်ပြင်တွင်း ရောက်နေသည်မှာ တစ်ပတ်ကျော်ကြာရှိခဲ့ပြီးနောက် ယခုအခါ ရွှေ့ပြောင်းများ သို့မဟုတ် လှေအမှုထမ်းများ၏ ဘေးကင်းမှုအတွက် အာမခံချက်ပေးနိုင်စွမ်း မရှိတော့၍ မကြုံစဖူးအနေအထားဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်သည်။

စစ္စလီကျွန်းတောင်ပိုင်း မြေထဲပင်လယ်အတွင်း သောင်မတင် ရေမကျဖြစ်နေသည့် အဆိုပါ လှေသည် ရွှေ့ပြောင်းများကို ဘေးကင်းသည့် ဆိပ်ကမ်းတစ်ခုသို့ ချပေးနိုင်ရေးအတွက် အီတလီ သို့မဟုတ် မော်လ်တာနိုင်ငံတို့ထံမှ ခွင့်ပြုချက်ရရန် သီတင်းတစ်ပတ်ကျော်ကြာ စောင့်ဆိုင်းနေရလျက် ရှိသည်။

ပြီးခဲ့သည့် အပတ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်ကို လှေပေါ်တွင် လိုက်ပါလာသည့် အေအက်ဖ်ပီ သတင်းထောက်က မြင်တွေ့ခဲ့ရသည်။ ရွှေ့ပြောင်းများသည် ကမ်းတက်ရန် အသည်းအသန် ဖြစ်နေခဲ့ပြီး အခြားလူများကလည်း ၎င်းတို့ ရောက်နေသည့် နေရာကို မိသားစုဝင်များထံ ဖုန်းဆက်အသိပေးနိုင်ခြင်း မရှိသည့်အခြေအနေပေါ် စိတ်ဂယောက်ဂယက်ဖြစ်နေကြသည်ဟု သိရသည်။

ရွှေ့ပြောင်းများအချင်းချင်း ရန်ပွဲဖြစ်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ခြိမ်းခြောက်မှု တို့ ဖြစ်ပြီးနောက် ကယ်ဆယ်ရေးလှေတစ်စင်းပေါ်တွင် ယင်းကဲ့သို့ ဝရုန်းသုန်းကားအခြေအနေမျိုးကို ယခင်က တစ်ခါမှ မတွေ့ခဲ့ဘူးဟု လှေအမှုထမ်းတစ်ဦးဖြစ်သည့် လူဒိုဗစ်က အေအက်ဖ်ပီကို ပြောသည်။

သေဘေးကြုံရလုနီးပါး အတွေ့အကြုံမျိုး ရရှိခဲ့ပြီးနောက် လှေတစ်စင်းပေါ်တွင် ရွှေ့ပြောင်းများကို ဆက်ထားရန်မှာ ဘေးကင်းလုံခြုံခြင်း မရှိတော့ဟု SOS Mediterranee က ထုတ်ပြန်သည်။

ပါကစ္စတန်များ၊ အာဖရိကမြောက်ပိုင်းက နိုင်ငံသားများ၊ နိုင်ဂျီးရီးယားများနှင့် တခြားနိုင်ငံသားများ ပါဝင်သော ရွှေ့ပြောင်းများကို ဇွန်လ ၂၅ ရက်နှင့် ၃၀ ရက်တို့တွင် သီးခြား ကယ်ဆယ်ရေးအစီအစဉ်လေးခုတွင် Ocean Viking လှေနှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းများထဲတွင် အရွယ်မရောက်သေးသူများအပြင် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း သိရသည်။

SOS Mediterranee ၏ အဖွဲ့ဝင်အားလုံးသည် အခြေအနေကို ထိန်းပေးနိုင်ရန် လှေပေါ်တွင် အချိန်ပြည့် ရှိနေခဲ့သော်ငြား ယခုအခါ ခြိမ်းခြောက်မှုတချို့သည် ကယ်ဆယ်သူများကိုပင် မျှားဦးလှည့်လာခဲ့ကြောင်း သိရသည်။

အဆိုပါ NGO အဖွဲ့အစည်းသည် အီတလီအာဏာပိုင်များနှင့် တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြောင်း၊ ရွှေ့ပြောင်းများ ပင်လယ်ပြင်ထဲ ဆက်ရှိနေသည့် တစ်နေ့ချင်းစီတိုင်းအတွက် ငွေရနေသည် ဆိုသည့် ကောလာဟလများကလည်း ရွှေ့ပြောင်းအုပ်စုများအတွင်း ပျံ့နေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း ရွှေ့ပြောင်းနှစ်ဦး ပင်လယ်ထဲ ခုန်ချသွားခဲ့သော်လည်း ပြန်လည် ကယ်ဆယ်ပေးနိုင်ခဲ့သည်။

လှေကို ကမ်းကပ်ခွင့် ရရန် ပထမဆုံး အကူအညီတောင်းဆိုမှုကို အီတလီနှင့် မော်လ်တာ အာဏာပိုင်များဘက်က လက်မခံကြောင်း အကြောင်းကြားခဲ့သလို နောက်ထပ် ခြောက်ကြိမ်ဆက် ပန်ကြားမှုကိုလည်း တုံ့ပြန်အဖြေပေးခဲ့ခြင်း မရှိကြောင်း SOS Mediterranee က ပြောသည်။

“ လှေတစ်စင်း ဘေးအန္တရာယ် ရောက်နေတယ်လို့ ကျွန်တော်တို့ကို အသိပေးခဲ့တဲ့ မော်လ်တာဆိုရင်လည်း ခုဆို ကျွန်တော်တို့ ဖုန်းခေါ်တာတောင် ပြန်မပြောတော့ပါဘူး” ဟု လှေပေါ်ရှိ ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ခံ နီကိုလပ်စ် ရိုမန်နွတ်ခ်က ပြောသည်။

ယမန်နှစ်က ရွှေ့ပြောင်း ၁၀၀,၀၀၀ ကျော်သည် မြေထဲပင်လယ်ကို ဖြတ်ရန် ကြိုးပမ်းခဲ့ပြီး အဆိုပါ ကြိုးပမ်းမှုအတွင်း လူ ၁,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly