ဟောင်ကောင်လုံခြုံရေးဥပဒေအပေါ် ဝေဖန်သည့် ကနေဒါကို တရုတ် ပြစ်တင်

ဟောင်ကောင်လုံခြုံရေးဥပဒေအပေါ် ဝေဖန်သည့် ကနေဒါကို တရုတ် ပြစ်တင်

ဇူလိုင် ၅

ဟောင်ကောင်အတွက် ပေကျင်းအစိုးရ ပြဋ္ဌာန်းသော အမျိုးသားလုံခြုံရေးဥပဒေအပေါ် ဝေဖန်ပြောဆိုခဲ့သည့် ကနေဒါကို တရုတ်က ဇူလိုင် ၄ ရက်တွင် ပြန်လည်ပြစ်တင်ပြောဆိုသွားခဲ့သည်။

ယင်းသည် တစ်ပတ်အတွင်း ဒုတိယမြောက် ပြစ်တင်မောင်းမဲမှုဖြစ်ပြီး ယင်းက တရုတ်နှင့် ကနေဒါအကြား ဆက်ဆံရေးပိုင်းတွင် တင်းမာမှုများ ထပ်တိုးစေခဲ့သည်။

လုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်နှင့် အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက်ကို ကနေဒါဘက်က ဆိုင်းငံ့လိုက်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ဇူလိုင် ၃ ရက်တွင် ပြောခဲ့သည်။ ထို့ပြင် လုံခြုံရေးဥပဒေသည် ဟောင်ကောင် လွတ်လပ်ခွင့်အတွက် သိသာထင်ရှားသည့် ဆုတ်ဆိုင်းမှုတစ်ခု ဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးကလည်း ဝေဖန်သွားခဲ့သည်။

ကနေဒါသည် တရုတ်၏ အရေးကိစ္စတွင် အလွန်အကျွံ ဝင်စွက်ဖက်ထားခဲ့ကြောင်း၊ လုံခြုံရေးဥပဒေသစ်က ဟောင်ကောင်ရှိ လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အော့တဝါရှိ တရုတ်သံရုံးက ယင်း၏ ဝက်ဘ်ဆိုဒ်ကနေတဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။

“ ကနေဒါအပါအဝင် အနောက်နိုင်ငံတချို့ဟာ လူ့အခွင့်အရေး ဆိုတဲ့ အကြောင်းပြချက် အောက်မှာ ဟောင်ကောင်အရေးကိစ္စကို ဝင်စွက်ထားခဲ့ကြပါတယ်၊ ဒါက နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေကို ကြီးကြီးမားမား ချိုးဖောက်ရာ ရောက်ပါတယ်” ဟု သံရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဟောင်ကောင် ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် အနောက်အုပ်စုနိုင်ငံများ၏ ဝေဖန်မှုများ ရှိခဲ့လင့်ကစား တရုတ်တို့က လုံခြုံရေးဥပဒေကို ယခုအပတ်ထဲတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ယခုအခါ အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက် ကနေဒါဘက်က ရပ်ဆိုင်းမှုအပေါ် လွန်စွာ စိတ်ပျက်မိကြောင်း ဟောင်ကောင်တာဝန်ရှိသူများက ဇူလိုင် ၄ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တရုတ်နည်းပညာကုမ္ပဏီ Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးကို အမေရိကန်၏ ဖမ်းဝရမ်းအရ ကနေဒါက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပေကျင်းနှင့် အော့တဝါအကြား ဆက်ဆံရေး တင်းမာနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly