တရုတ် စစ်ရေးလေ့ကျင့်နေသည့် တောင်တရုတ်ပင်လယ်သို့ အမေရိကန်က လေယာဉ်တင်သင်္ဘောများ စေလွှတ်

တရုတ် စစ်ရေးလေ့ကျင့်နေသည့် တောင်တရုတ်ပင်လယ်သို့ အမေရိကန်က လေယာဉ်တင်သင်္ဘောများ စေလွှတ်

ဇူလိုင် ၅

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းကို စေလွှတ်ခဲ့ပြီး ယင်းသင်္ဘောများသည် ဇူလိုင် ၄ ရက်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်သည်။

အဆိုပါ တောင်တရုတ်ပင်လယ်ပြင်တွင်ပင် တရုတ်တို့ကလည်း စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ရာ ယင်းအပေါ် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် ပင်တဂွန်တို့က ဝေဖန်ထားခဲ့ကြသည်။

တရုတ်နှင့် အမေရိကန်တို့သည် ကိုရိုနာဗိုင်းရပ်စ်အရေး၊ ကုန်သွယ်မှုအရေး၊ ဟောင်ကောင်အရေးတို့နှင့်ပတ်သက်၍ ဆက်ဆံရေး တင်းမာလျက် ရှိသလို မဟာဗျူဟာကျ ရေလမ်းကြောင်းတွင်လည်း တင်းမာမှုများ ဖြစ်စေရန် လှုံ့ဆော်နေကြောင်း တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် စွပ်စွဲထားခဲ့ကြသည်။

အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း ဖြစ်သော USS Nimitz နှင့် USS Ronald Reagan တို့သည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ပံ့ပိုးထောက်ကူရန် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်သည်။

စစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်ပြင်အတွင်းရှိ မည်သည့်နေရာတွင် ပြုလုပ်နေခဲ့သည် ဆိုသည်ကို အမေရိကန်က တိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ အဆိုပါ တောင်တရုတ်ပင်လယ်ပြင် နယ်မြေဧရိယာ ၉၀ ရာခိုင်နှုန်းကို တရုတ်က ယင်းပိုင်အဖြစ် ပြောဆိုနေသော်လည်း ယင်း၏  အိမ်နီးချင်းများက အဆိုပါပြောဆိုချက်အပေါ် ကန့်ကွက်ဆန့်ကျင်လျက် ရှိသည်။

“ဒီလို စစ်ရေးလေ့ကျင့်မှု လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဟာ ဒီဒေသရဲ့ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ထောက်ကူပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ပါတနာတွေ၊ မဟာမိတ်တွေကို အသိပေးဖို့ ဖြစ်ပါတယ်” ဟု အမေရိကန် ရေတပ်ဗိုလ်ချုပ် ဂျော့ဂျ် အမ် ဝီကော့ဖ်က ပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် တရုတ်တို့ လုပ်ဆောင်နေသည့် လေ့ကျင့်မှုများကို တုံ့ပြန်ခြင်း မဟုတ်ဟု လေယာဉ်တင်သင်္ဘော Ronald Reagan ဦးဆောင်သော တိုက်ခိုက်ရေးရေယာဉ်စု၏ တပ်မှူးဖြစ်သည့် ဝီကော့ဖ်က ပြောသွားခဲ့သည်။

သို့သော် ယခုအပတ်အတွင်း တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုအပေါ် ပင်တဂွန်က ဝေဖန်ထားခဲ့သည်။

ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုအပေါ် အမေရိကန်၏ ဝေဖန်မှုကို တရုတ်က ဇူလိုင် ၃ ရက်တွင် ပယ်ချသွားခဲ့ပြီး တင်းမာမှုများ မြင့်တက်စေခြင်းအတွက် အမေရိကန်ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း တရုတ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly