Hydroxychloroquine က ရှင်သန်မှုကိုတိုးမြှင့်ပေးနိုင်သော်လည်း သုတေသီအချို့က သံသယရှိနေ

Hydroxychloroquine က ရှင်သန်မှုကိုတိုးမြှင့်ပေးနိုင်သော်လည်း သုတေသီအချို့က သံသယရှိနေ

ဇူလိုင် ၅

ငှက်ဖျားရောဂါတိုက်ဖျက်သည့်ဆေးဝါး ဟိုက်ဒရောက်ဆီကလိုရိုကွင်း (Hydroxychloroquine) သည် ဆေးရုံတက်နေသော ကိုဗစ်လူနာများအား ပိုမိုကျန်းမာလာစေရန် အထောက်အကူဖြစ်ခဲ့သည်ဟု လေ့လာမှုအသစ်တစ်ရပ်ကဆိုထားသော်လည်း ဖယ်ဒရယ်အစိုးရ၏ ထိုဆေးဝါးတစ်မျိုးတည်းသီးသန့်အသုံးပြုမှုမှ တွေ့ရှိချက်များအပေါ် စောဒကတက်ခဲ့ကြသည်။

မီချီဂန်အရှေ့တောင်ဘက်ရှိဟင်နရီဖို့ဒ်ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီမှအဖွဲ့တစ်ဖွဲ့က ဆေးရုံတက်လူနာ  ၂ ၅၄၁ ဦးကို လေ့လာရာတွင် Hydroxychloroquine   သောက်သုံးသူများသည် သေဆုံးရန်အလားအလာနည်းကြောင်း ကြာသပတေးနေ့ကပြောကြားခဲ့သည်။

ဟင်နရီဖို့ဒ်ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီက ကူးစက်ရောဂါဆိုင်ရာဌာနခွဲမှူး Dr.Marcus Zervos က Hydroxychloroquine   သောက်သုံးသူများတွင် ၁၃ % သေဆုံးမှုရှိပြီး ဆေးမသောက်သုံးသူများတွင် သေဆုံးသူ ၂၆ % ရှိသည်ဟု ဆိုသည်။ သုတေသီအဖွဲ့သည် မတ်လက ပထမဆုံးလူနာစတွေ့ကတည်းက ဆေးရုံတက်ကုသသောလူနာတိုင်းကို စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ အုပ်စုတစ်ခုလုံးတွင် စုစုပေါင်း သေဆုံးနှုန်း ၁၈.၁ % ရှိပြီး ရှိပြီး Hydroxychloroquine ဆေးတစ်မျိုးတည်းသောက်သည့်အုပ်စုအနက် ၁၃.၅% ၊ Hydroxychloroquine နှင့် ပဋိဇီဝဆေး အဇီသရိုမိုင်ဆင် (Azithromycin)  တွဲသောက်သူများအနက် ၂၀.၁% ၊ Azithromycin  တစ်မျိုးတည်းသောက်သူအနက် ၂၂.၄%  နှင့် မည်သည့်ဆေးမျှမသောက်သူ များအနက် ၂၆.၄% စသည်ဖြင့် သေဆုံးမှုနှုန်းအမျိုးမျိုးရှိသည်ဟု အပြည်ပြည်ဆိုင်ရာကူးစက်ရောဂါဂျာနယ်တွင် ဖော်ပြခဲ့သည်။

မူလက ငှက်ဖျားရောဂါကာကွယ်ကုသဆေးအဖြစ်သုံးသည့် Hydroxychloroquine ကို သောက်သုံးခြင်းသည် အကျိုးမရှိကြောင်း တခြားလေ့လာမှုများစွာက တွေ့ရှိထားသောကြောင့် အံ့ဩစရာဖြစ်နေသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထိုဆေးကိုသောက်သုံးရန် လွန်ကဲစွာညွှန်းဆိုခဲ့သော်လည်း ထိုဆေးသောက်သောလူနာများသည် အခြေအနေမတိုးတက်သည့်အပြင် နှလုံးရောဂါနှင့်ဆိုင်သော ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည်ဟု နောက်ပိုင်းလေ့လာမှုများက တွေ့ရှိထားသည်။

အမေရိကန်စားနပ်ရိက္ခာနှင့်ဆေးဝါးစီမံခန့်ခွဲရေးဌာနသည် ယခုလအစောပိုင်းက Hydroxychloroquine အရေးပေါ်အသုံးပြုခွင့်ကို ရုပ်သိမ်းခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အမျိုးသားကျန်းမာရေးဌာနတို့မှပံ့ပိုးသော စမ်းသပ်မှုများအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၎င်းဆေးနှင့်စမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့သည်။

ဟင်နရီဖို့ဒ်လေ့လာမှုတွင်မပါဝင်သောသုတေသီများက Hydroxychloroquine က လူနာများအတွက် အထောက်အကူမဖြစ်ကြောင်း ပြသသည့်လေ့လာမှုများ၏ အရည်အသွေးသည် မတူညီကြကြောင်း ထောက်ပြခဲ့ကြပြီး ရောင်ရမ်းမှုသက်သာစေသော စတီးရွက်ဒက်ဆာမက်သာဆုန်း (dexamethasone ) ကိုသုံးသည့် တခြားကုသမှုများသည် လူနာအချို့အတွက် ပြန်လည်ကျန်းမာလာစေနိုင်သည်ဟု ပြောသည်။

Zervos က “ကျွန်တော်တို့ရဲ့ ရလဒ်တွေက တခြားလေ့လာမှုတွေနဲ့ မတူပါဘူး။ ကျွန်တော့်တို့လေ့လာမှုမှာ အရေးကြီးတဲ့အချက်က လူနာတွေကို စောစောကုဖို့ပါ။ Hydroxychloroquine အစွမ်းထက်စေဖို့ဆိုရင် ကိုဗစ်ကူးစက်ခံထားရနိုင်တဲ့လူနာက ပြင်းထန်တဲ့ကိုယ်ခံအားစနစ် တုံ့ပြန်မှုမစခင်မှာ စတင်သောက်သုံးဖို့ လိုအပ်ပါတယ်။ ဟင်နရီဖို့ဒ်အဖွဲ့က လူနာတွေရဲ့ နှလုံးရောဂါပြဿနာတွေအတွက်လည်း သေချာစောင့်ကြည့်ခဲ့ကြပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာကူးစက်ခံနေရပြီး နှလုံးရောဂါဖြစ်နိုင်ခြေနည်းသော လူနာများအတွက် Azithromycin နှင့် Hydroxychloroquine ဆေးနှစ်မျိုးပေါင်းကို သီးသန့်အသုံးပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။ Hydroxychloroquine သည် ကိုရိုနာဗိုင်းရပ်စ်ကုသဆေးအဖြစ် အသုံးပြုနိုင်သည့်အလားအလာရှိကြောင်း ပြသသည့် ၎င်းတို့၏တွေရှိချက်များကို ယုံကြည်သည်ဟု ဟင်နရီဖို့ဒ်အဖွဲ့ကပြောသည်။ 

ဟင်နရီဖို့ဒ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ အမှုဆောင်အရောရှိချုပ် Dr. Steven Kalkanis က “ဒီဆေးက လူနာတွေအတွက် အသက်ကယ်ဆေးဖြစ်နိုင်တယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေဟာ အစောပိုင်းက လေ့လာမှုက တွေ့ရှိချက်တွေနဲ့ ကွဲလွဲဆန့်ကျင်နေတာမျိုး လုံးဝမရှိပါဘူး။ ကျွန်တော်တို့ရဲ့ရလဒ်တွေက တခြားသူတွေရဲ့ ထုတ်ပြန်ပြီးသားဖြစ်ကောင်းဖြစ်မယ့် ရလဒ်တွေနဲ့ ကွဲပြားနေတဲ့အတွက်ကြောင့် သေချာအောင် လေ့လာမှုပြုချင်ပါတယ်။ ဒါဟာ တခြားလေ့လာမှုတွေကို  မှားယွင်းတယ် ရှုပ်ထွေးတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်လူနာတွေက အမှန်တကယ်အကျိုးခံစားရသလဲဆိုတာနဲ့  ရောဂါလှုပ်ရှားမှုပုံစံကို ဘယ်အချိန်မှာအဖြေရှာနိုင်မလဲဆိုတဲ့ မသိသာတဲ့ကွဲပြားခြားနားချက်လေးတွေကို ကြည့်မယ်လို့ ဆိုလိုတာပါ။ ကိုဗစ်-၁၉ အတွက် နောက်ဆုံးကုသမှုအစီအစဉ်က ဘာဖြစ်သင့်သလဲဆိုတာ သိဖို့ အများကြီးလုပ်ရပါဦးမယ်။ ရောဂါဒုတိယလှိုင်းထပ်လာရင် ဘာဆက်လုပ်မလဲဆိုတဲ့ ပြဿနာတွေအတွက် ဒီအချက်အလက်တွေက အရေးပါတယ်လို့ ထင်ပါတယ်။ အခု ကျွန်တော်တို့ ဒီရောဂါကြီးတိုက်ဖျက်နိုင်ဖို့နဲ့ သေဆုံးနှုန်းလျော့နည်းအောင်လို့ လူတွေကို ကူညီနိုင်ပါပြီ” ဟု ဆိုသည်။

Hydroxychloroquine သည် ဗိုင်းရပ်စ်ကို တိုက်ရိုက်ဟန့်တားနိုင်ပြီး ရောင်ရမ်းခြင်းကိုလည်းသက်သာစေသည်ဟု Zevos ကပြောသည်။ ဟင်နရီဖို့ဒ်သုတေသီအဖွဲ့သည် လူနာများကို အလျဉ်းသင့်သလို ကျပန်း ကုသပေးခြင်းမဟုတ်ဘဲ အချို့သော စံသတ်မှတ်ချက်များအပေါ်မူတည်၍ ကုသမှုအမျိုးမျိုးအတွက် ထိုလူနာများအား ရွေးချယ်ထားခြင်းဖြစ်ကြောင်းကို လေ့လာမှုတွင်မပါဝင်သူများက သိထားကြသည်။

ဟင်နရီဖို့ဒ်ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသောလူနာများကို ကုသရာတွင် ပိုမိုအတွေ့အကြုံ ရှိလာသည်နှင့်အမျှ သီးသန့်ကုထုံးများကို အသုံးပြုစရာမလိုဘဲ လူနာများပိုမိုကျန်းမာလာအောင်လုပ်နိုင်သည်ဟု ကနေဒါ၊ မွန်ထရီရယ်ရှိ တော်ဝင်ဗစ်တိုးရီးယားဆေးရုံမှ Dr. Todd Lee နှင့်အပေါင်းအပါများက အဆိုပါဆေးပညာဂျာနယ်၌ ရေးသားခဲ့သည်။

နောက်ဆုံးတွင် Hydroxychloroquine ဆေးသောက်သုံးသည့်လူနာများ၌ စတီးရွိက်ကို တစ်ပါတည်း အသုံးပြုမှုကို ကုသမှုမရှိသောအုပ်စုထက် နှစ်ဆပိုလုပ်ခဲ့သည်။  Dexamethasone သုံးခြင်းသည် အကျိုးကျေးဇူးရှိကြောင်း ပြသခဲ့သည့် မကြာသေးမီကပြုလုပ်ခဲ့သော  စမ်းသပ်မှုကို ထည့်သွင်းစဉ်းစားပါက သက်ဆိုင်ဆီလျော်ကြောင်းတွေ့ရသည်။ Steroid Dexamethasone သည် အပြင်းဖျားနေသာလူနာများတွင် ရောင်ရမ်းခြင်းကို လျော့ကျစေသည်။

ဟင်နရီဖို့ဒ်သုတေသီအဖွဲ့က ၎င်းတို့လူနာများ၏ ၈၂ % သည် ဆေးရုံတက်ရောက်ပြီး ပထမ ၂၄ နာရီအတွင်း၌ Hydroxychloroquine ဆေး သောက်သုံးခဲ့ပြီး ၉၁ % က ဆေးရုံတက်ပြီး ၄၈ နာရီအတွင်း၌ သောက်သုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆေးရုံတက်စဉ်အတွင်း မည်သည့်အချိန်၌မဆို အဆိုပါဆေးစတင်သောက်ခဲ့သော နယူးယောက်ဆေးရုံ ၂၅ ခုက လူနာများကို လေ့လာထားမှုနှင့်နှိုင်းယှဉ်ပြခဲ့သည်။

သို့သော် နယူးယောက်လေ့လာမှုမှလူနာများသည် ပျမ်းမျှအားဖြင့် ဆေးရုံတက်ရောက်ပြီးနောက် တစ်ရက်အကြာမှ ဆေးစတင်သောက်သုံးခဲ့သည်ဟု မေလထုတ် အမေရိကန်ဆေးပညာအသင်း၏ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

“ခြားနားချက်လေး နည်းနည်းတော့ရှိနိုင်ပါတယ်။ ဒါပေမယ့် နယူးယောက်လူနာတွေက ခုနစ်ရက်လောက်ကျမှ ဆေးစသောက်တာမျိုးတော့မဟုတ်ပါဘူး” ဟု နယူးယောက်လေ့လာမှု ဦးဆောင်စာရေးသူ  Albany ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ကူးစက်ရောဂါပါမောက္ခ Eli Rosenberg က ပြောသည်။ လေ့လာခဲ့သည့်လူနာများ၏ ၁၀ % နီးပါးရှိသည့် ဆေးရုံမဆင်းရသေးသော လူနာ ၂၆၇ ဦးကို ဒက်ထရွိုက်စာတမ်းတွင် မထည့်သွင်းခဲ့ကြောင်းကိုလည်း Rosenberg က ထောက်ပြခဲ့သည်။

ထို့ကြောင့် ဤအချက်သည် Hydroxychloroquine အား နဂိုရှိရင်းအာနိသင်ထက် ပိုမိုကောင်းမွန်သည့်ဟန်ဖြစ်စေရန် ရလဒ်များကို တိမ်းစောင်းသွားစေနိုင်သည်ဟု  Rosenberg ဆိုသည်။ ထိုလူနာများသည် အပြင်းဖျားနေသောကြောင့် ဆေးရုံတွင် ရှိနေဆဲဖြစ်နိုင်ကြောင်းနှင့် သေဆုံးခဲ့ပါကလည်း လေ့လာမှုတွင် ၎င်းတို့ကို ထည့်သွင်းမတွက်ချက်ထားခြင်းက Hydroxychloroquine သည် နဂိုမူလထက်ပိုပြီး အသက်ကယ်ဆေးနှင့် ပိုတူနေစေနိုင်ပေသည်။ “ဒီလေ့လာမှုတွေအားလုံးမှာ သတိမမူမိတဲ့အချက်လေးတွေလည်းရှိပါတယ်” ဟု Rosenberg ကဆိုသည်။

ဒက်ထရွိုက်နှင့်နယူးယောက်လေ့လာမှုနှစ်ခုလုံး၌ ဆရာဝန်များက Hydroxychloroquine ဆေးသောက်ရန် ညွှန်ကြားချိန်တွင် လူနာများ၏ အခြေအနေကိုလည်း စောင့်ကြည့်ခဲ့ကြသည်။

စောင့်ကြည့်လေ့လာမှုများသည် အကူအညီဖြစ်သော်လည်း လက်တွေ့စမ်းသပ်မှုများကဲ့သို့ အရေးမပါပေ။ ဆေးပညာစံသတ်မှတ်ချက်အရလုပ်သည့် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်သောလူနာများကို ဆေးသောက်သုံးရန် သို့မဟုတ် လုံးလုံးမသောက်ရန် အလျဉ်းသင့်သလို ကျပန်းသတ်မှတ်ထားသည်။ ထို့နောက်လူနာများ၏ အခြေအနေတိုးတက်မှုကို ဆရာဝန်များက စောင့်ကြည့်ကြသည်။

အမေရိကန်နှင့်ယူကေတို့တွင် အသီးသီးလုပ်ဆောင်နေသည့် ကိုဗစ်-၁၉ အတွက် Hydroxychloroquine လက်တွေ့စမ်းသပ်မှုနှစ်ခု၏ အချက်အလက်များအရ ၎င်းဆေးသည် အထောက်အကူမဖြစ်ဟု ဆိုကာ ထိုစမ်းသပ်မှုများကို အစောပိုင်းက ရပ်တန့်ခဲ့သည်။

အမေရိကန်အမျိုးသားကျန်းမာရေးတက္ကသိုလ်မှပြုလုပ်သော လက်တွေ့စမ်းသပ်မှုတွင် လူနာ ၄၇၀ ဦးပါဝင်ခဲ့ပြီး ယူကေအောက်စဖို့ဒ်တက္ကသိုလ်ကပြုလုပ်သောစမ်းသပ်မှုတွင် လူနာပေါင်း ၁၁ ၀၀၀ ထက်မနည်း ပါဝင်ခဲ့သည်။

“ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်ကုသခံနေတဲ့ လူနာတွေမှာ Hydroxychloroquine ရဲ့ အကျိုးသက်ရောက်မှုမရှိပါဘူးလို့ ကျွန်တော်တို့ကောက်ချက်ချပါတယ်” ဟု  အောက်စဖို့ဒ်ဒေါက်တာများကပြောသည်။

သို့သော် အိမ်ဖြူတော်အရာရှိတစ်ဦးက ဟင်နရီဖို့ဒ်သုတေသီအဖွဲ့၏ လေ့လာမှုကို ချီးမွမ်းခဲ့သည်။

“Hydroxychloroquine ကို စောစောသောက်သုံးမယ်ဆိုရင် အလုပ်ဖြစ်တယ်ဆိုတာ လေ့လာမှုတွေက ပြသနေပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဒီဆေးဟာ အမေရိကန်ထောင်ပေါင်းများစွာနဲ့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာရဲ့အသက်ကိုတောင် မလွဲဧကန် ကယ်တင်နိုင်လောက်တယ်” ဟု အိမ်ဖြူတော်ကုန်သွယ်ရေးအကြံပေး Peter Navarro က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly